DVB Logo
Home
မြန်မာသတင်း
အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည့် ကရင်နီပြည်သူများအတွက် တရားမျှတမှု မရသေး
DVB
·
December 28, 2022
အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည့် ကရင်နီပြည်သူများအတွက် တရားမျှတမှု မရသေး
1 / 3
Donate to DVB

ကရင်နီ(ကယား)ပြည်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တာ တနှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အရေးယူမှု၊ တရားမျှတမှု မရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ(ND Burma) က အဲဒီဖြစ်စဉ် နှစ်ပတ်လည်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ငိုကြွေးနေသောဘဝများဆိုတဲ့ အစီရင်ခံစာ မှတ်တမ်းမှာ ဖော်ပြထားတာပါ။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသားအယောက် ၄၀ ကို လက်ပြန်ကြိုးတုပ်ဖမ်းဆီးခေါ်သွားပြီး မီးရှို့သတ်ဖြတ်ခဲ့တာပါ။

အဲဒီ  အသတ်ခံရမှုမှာ အမျိုးသမီး ၅ ယောက် ပါဝင်ပြီး အသက် ၁၅ နှစ်အောက် မိန်းကလေးငယ် တယောက်လည်းပါတယ်လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က ပြောထားပါတယ်။

အဲဒီမှာ သေဆုံးခဲ့ရသူတယောက်ရဲ့ မိခင်က “သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ အသိုက်အဝိုင်းကို ကျမတို့သားသမီးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျမ ထိုင်းနိုင်ငံ ရောက်တော့ နိုင်ငံခြားမှာ ခိုလှုံခွင့်ရဖို့ UNHCR ကို စာပို့ပေမယ့် ဘာအကြောင်းပြန်ချက်မှ မရပါဘူး။ ကျမတို့အခက်အခဲ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ကုစားပေမယ့် လူသားချင်းစာနာထောက်ထား အကူအညီပေးတဲ့အဖွဲ့တွေ မရှိတော့ဘူးလားလို့ မေးချင်ပါတယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရသူနောက်တယောက်ရဲ့ မိသားစုဝင် လိမာရှားကလည်း “ခုချိန်မှာ ဘယ်နေရာမှာပဲနေနေ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ မီးရှို့သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှုအခြေအနေက ဘာမှမထူးပါဘူး။ အစတုန်းကတော့ ကယားပြည်နယ်သတင်းရဲတပ်ဖွဲ့(KYSP)က စုံစမ်းမှုတွေ လုပ်ဆောင်မှုတွေ တချို့ရှိခဲ့ပေမယ့် အခုတော့ ဘာသတင်းမှ မကြားတော့ဘူး” လို့ ပြောပါတယ်။

အေအေနဲ့ စစ်ကောင်စီတပ်တို့ အပစ်ရပ်ပြီးတဲ့နောက် အခု ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကရင်နီပြည်ထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေပိုပြင်းထန်လာတယ်လို့ ND Burma က ဆိုပါတယ်။

ပြီးတော့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာ ယန္တရားဟာ အင်မတန် အရေးကြီးပြီး ပြစ်မှု ကျူးလွန်သူတွေအပေါ်မှာပဲ တာဝန်ယူ တာဝန်ခံခိုင်းတာမဟုတ်ဘဲ နစ်နာသူတွေကို ပြန်ကုစားပေးလျော်တာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှန်တရားအပေါ် အသိအမှတ်ပြုတာနဲ့ ဝန်ခံတာလည်းပါသလို နောက်တကြိမ် ထပ်မဖြစ်စေဖို့အာမခံတဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့လည်းပါတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ ကရင်နီပြည်ထဲမှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၂ သိန်းကျော် ရှိနေတယ်လို့ ကရင်နီ အရပ်ဘက်လူမှုကွန်ရက် (KCSN)ရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင် ၇၈,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး လွိုင်ကော်မှာတော့ ၅၂,၀၀၀ ကျော်ရှိနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ၂၀၂၂ ခုနှစ် မေလက စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာမှာ ပြည်သူ အစုအပြုံလိုက်ကို မီးရှို့သတ်ခဲ့သလို စက်တင်ဘာ ၁၆ ရက်မှာ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာကို လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့်လည်း ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းက ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ဖားကန့်မြို့နယ်၊ အနန့်ပါကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကချင်အနုပညာရှင်တွေ အပါအဝင် အယောက် ၁၀၀ လောက် သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013