စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက် မနက်က ကချင်လွတ်မြောက်ရေးတပ် KIA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဲဇာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ဟာ အလယ်ဆိပ်ကျေးရွာအနီးမှာ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “မဲဇာဘက်ကတက်လာတဲ့ စစ်တပ်နဲ့ မနက် ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက သုံးနာရီလောက်ကြာတယ်။ တိုက်ပွဲဖြစ်ပြီး မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတော့တာပဲ။ ဗုံးကြဲပြီးတော့မှ စစ်တပ်က မီးဝင်ရှို့တာ။ ကျနော်တို့လည်း တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးလွတ်ရာ ရှောင်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ကာ ကျေးရွာကို မီးရှို့ခဲ့တဲ့အတွက် အလယ်ဆိပ်ကျေးရွာက နေအိမ် ၂၆ လုံး၊ ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ များပြီး KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကတော့ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Indaw Revolution IR က သတင်းထုတ်ပြန်ထားပါတယ်။