DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် စစ်ကောင်စီက CCTV အများအပြားတပ်ဆင်၊ တနင်္သာရီစစ်ရှောင်များ နေရပ်ပြန်မရသဖြင့် အခက်ကြုံ
DVB
·
December 28, 2022
မြိတ်တွင် စစ်ကောင်စီက CCTV အများအပြားတပ်ဆင်၊ တနင်္သာရီစစ်ရှောင်များ နေရပ်ပြန်မရသဖြင့် အခက်ကြုံ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့ ရပ်ကွက်တချို့မှာ စစ်ကောင်စီက အရင်ကထက် CCTV ကင်မရာတွေ အများအပြား တပ်ဆင်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ကျနော်ကတော့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ သူတို့အတွက် လုံခြုံရေးအရ ပြုလုပ်နေတယ်လို့ မြင်တယ်။ ပြစ်မှုတခုအပေါ်မှာ ခြေရာခံလိုက်နိုင်အောင် ပြင်ဆင်နေတာပဲလေ။ မြို့တွင်း မြေအောက်တော်လှန်ရေးသမားတွေရဲ့ လုပ်ရှားမှုတွေကို စောင့်ကြည့် ကာကွယ်နေတာလို့ မြင်တယ်” လို့ ပြောပါတယ်။

မြိတ်မြို့အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CCTV တွေ ပိုမိုတပ်ဆင်လာတဲ့အပြင် ပြည်သူ့စစ်ဆိုပြီး အရပ်ဝတ်နဲ့ လုံခြုံရေးချတာတွေပါ လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

မြိတ်ဒေသခံတဦးက “ကျနော့်အနေနဲ့ မြင်တာကျတော့ CCTV ကင်မရာတွေ လိုက်တပ်နေတာဟာ အပိုအလုပ်တွေလို့ မြင်တယ်။ ကျနော်တို့ဟာ CCTV ကင်မရာတွေထက် စကစက လုံခြုံရေးချထားတဲ့လူတွေကို ပိုကြောက်ရတယ်။ သူတို့က ညဘက်ဆို ဘယ်နားမှာ ချုံခိုစောင့်မယ်မှန်းလည်း မသိ၊ တွေ့ရင် ပိုက်ဆံတောင်း ငွေညစ်တာတွေကိုပဲ ပိုကြောက်ရတယ်” လို့ ပြောပါတယ်။

မြိတ်မြို့အတွင်းက တချို့ရပ်ကွက်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးချတယ်လို့ အကြောင်းပြပြီး ညမထွက်ရအမိန့်မတိုင်မီ ဒေသခံပြည်သူတွေကို ခြိမ်းခြောက် ငွေညစ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်မရသေးတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်ကွင်းကျေးရွာမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အလုပ်အကိုင် ရပ်နားထားရကာ ထိခိုက်နစ်နာနေကြတယ်လို့ ညောင်ပင်ကွင်းရွာခံတဦးက ပြောပါတယ်။

“လက်နက်ကြီးတွေ မကြာမကြာပစ်နေတော့ ရွာမှာမနေရဲကြဘူးလေ။ တိုက်ပွဲငြိမ်နေရင် ခဏလောက်ပဲ ပြန်လာပြီး ရွာအ​ခြေအနေ ပြန်လာကြည့်ကြတယ်။ ရွာမှာတော့ ပြန်လာမနေရဲကြသေးဘူး။ အလုပ်အကိုင်‌တွေ ရပ်နားထားရတော့ ထိခိုက်နစ်နာတာတွေ ရှိတယ်။”

ကျေးရွာတချို့ကို ထွက်ပြေးတိမ်းရှောင်နေကြသူ ပိုများလာတာကြောင့် အရင်ကထက် အရောင်းအဝယ် လျော့ပါးလာပြီး ပိုပြီးတော့ ခက်ခဲလာကြ‌တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ပစ္စည်းတွေလည်း ဝယ်မယ့်သူမရှိတော့ တန်ဖိုးမရှိ​တော့ဘူး။ ကွမ်းသီးတွေဆိုလည်း ထွက်ပြေးရင် ကျန်ခဲ့မယ့်အတူတူ စျေးအနိမ့်နဲ့ ရောင်းနေရတယ်။ ရွာလူဦးရေက ၃ ပုံမှာ ၂ ပုံလောက်ပဲ ကျန်ပြီ။”

ညောင်ပင်ကွင်းကျေးရွာမှာ အိမ်ထောင်စု ၁,၀၀၀ ကျော်ရှိပြီး တိုက်ပွဲတွေ မကြခဏ ဖြစ်ပွားမှု‌ကြောင့် လူဦးရေထက်ဝက်ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ညောင်ပင်ကွင်းကျေးရွာအပြင် အနီးတဝိုက်ရှိ ထုံတော်ရွာ၊ ခြောက်မိုင်ရွာ၊ ထုံမခါရွာနဲ့ ဘန်လောရွာတွေကလည်း ထွက်ပြေးတိမ်းရှောင်သူတွေ ရှိ‌တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013