အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတဦး ဖြစ်တဲ့ ဦးဇော်ဝင်းမြင့်ကို ဒီဇင်ဘာ ၂၇ ရက်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့မ ၁၂ ရပ်ကွက်မှာနေထိုင်တဲ့ ဦးဇော်ဝင်းမြင့်ဟာ ဆိုင်ကယ်ဆီဖြည့်ဖို့အတွက် မောင်ဦးဆီဆိုင်ကို ရောက်ရှိစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
ဦးဇော်ဝင်းမြင့်ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တနည်းအားဖြင့် ပျူစောထီးအဖွဲ့ဝင် ဖြစ်တာကြောင့် ပစ်ခတ်သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ တမူးဒေသခံတဦးက ပြောပါတယ်။
“သူက တမူးမြို့မှာ နာမည်ကြီးဗျ။ မြို့ထဲ သေနတ်နဲ့ လှည့်နေတာ။ တမြို့လုံး သိတယ်။ သူတယောက်တည်း အပြင်ထွက်ချိန် ပစ်သတ်ခံရတာ။ သူ ပစ်သတ်ခံရပြီးတဲ့နောက် မြို့ထဲမှာ စစ်သားတွေ ကင်းလှည့်နေကြတယ်။”
ဦးဇော်ဝင်းမြင့် ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တမူးဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မိမိတို့အဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။
ဦးဇော်ဝင်းမြင့် ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ PDF အဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဒေသခံတဦးကို လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်သွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ ဦးဇော်ဝင်းမြင့်ရဲ့ အလောင်းကိုတော့ တမူးမြို့ လူမှုကူညီရေးအသင်းကနေတဆင့် တမူးပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။