Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး
DVB
·
December 28, 2022

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ကြဖို့  စစ်ကောင်စီအုပ်ချုပ်ရေးက  ဒီဇင်ဘာ ၂၆ ရက်မှာ ခေါ်ယူပြောဆိုခဲ့ပေမဲ့  ကျေးရွာတွေမှာ စစ်တပ်တွေရှိနေဆဲဖြစ်ဖို့ နေရပ်ပြန်ဖို့  အခက်တွေ့နေတယ်လို့  စစ်ဘေးရှောင်စခန်း တာဝန်ခံတွေက ပြောပါတယ်။

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်း ၄ ခုမှာ  စခန်း ၁ ခုစီက အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၁၅ ဦးစီ  ခေါ်ယူတွေ့ဆုံပြီး အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ပြောဆိုခဲ့တာလို့  ဘူးသီးတောင် လမ်းမကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

“သူတို့ပြောတာက လောလောဆယ် ပြန်နိုင်တဲ့ကျေးရွာတွေ ရှိမယ်။ မပြန်နိုင်သေးတဲ့ ကျေးရွာ ရှိမယ်။ အေအေတပ်တွေနဲ့ နီးတဲ့ကျေးရွာတွေရှိတယ်။ စစ်တပ်နေရာချထားတဲ့ ရွာတွေလည်း ရှိမယ်။ အဲဒီလိုရွာကို ရှင်းလင်းပြီးမှ ပြန်ပို့မှာလို့ ပြောတယ်။ နောက်ပြီးခဲ့တဲ့ အောက်တိုဘာလက နေရပ်ပြန်ဖို့ ပြည်နယ်အစိုးရက ငွေ ၅ သိန်း၊ မြို့နယ်ဘေးစီမံက ငွေ ၁ သိန်း၊ ၆ သိန်းနဲ့ စားနပ်ရိက္ခာ ၆ လစာ ပေးပြီး နေရပ်ပြန်ပို့မယ့် အစီအစဥ် တိုက်ပွဲတွေကြောင့် ပျက်သွားခဲ့တယ်။ အခု အဲဒီအစီအစဥ်ကို ပြန်အကောင်အထည်ဖော်နေတာလို့ ပြောတယ်။ သူတို့ပို့တဲ့အချိန်မှာ ပြန်ကြပါလို့ ပြောတယ်။”

အခုလက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ကြား နိုဝင်ဘာ ၂၆ ရက်ကစပြီး နှစ်ဖက် ယာယီအပစ်အခတ် ရပ်စဲထားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်နိုင်ဖို့ အခုလို စီစဥ်လာနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ နေရပ်ပြန်ဖို့ အခက်အခဲများစွာ တွေ့ကြုံလာနိုင်ကြောင်းလည်း စစ်ဘေးရှောင်တွေဘက်က ပြောပါတယ်။

စစ်ဘေးရှောင်တဦးက “ကျနော်တို့လည်း မိမိနေရပ်ကို ပြန်ချင်ကြတာပေါ့ဗျာ။ ဒါပေမဲ့ လက်တွေ့မှာ ကြောက်စရာတွေ ဖြစ်နေတယ်။ လန့်စရာတွေ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကျေးရွာတွေမှာ စစ်တပ်က နေရာယူထားတာတွေ ရှိတယ်။ မြေမြှုပ်မိုင်းတွေ မရှင်းလင်းနိုင်တာတွေ ရှိတယ်။ နေအိမ်တွေ မီးလောင်ပျက်စီးသွားတာတွေလည်း ရှိတယ်။ အချိန်ကြာလို့ နေအိမ်တွေ ပျက်စီးသွားတာတွေ ရှိတယ်။အဲ ဒီလိုဆိုရင် ကျနော်တို့ ဘယ်မှာသွားနေရပါမလဲ။ နောက်ပြီး ဘာအလုပ်အကိုင် လုပ်ကိုင်စားသောက်ကြရမလဲ။ အခက်အခဲတွေက အများကြီး ကြုံတွေ့ကြရမှာပါ။ သူတို့က အတင်းအဓမ္မ ပြန်ခိုင်းရင်တော့ ပြန်ရမှာပေါ့။ အများစုကတော့ သွားမယ်မထင်ပါဘူး။ လုံခြုံမယ့်နေရာတွေကိုသာ သွားမယ်။ မလုံခြုံနိုင်တဲ့နေရာတွေကို လိုက်ကြမယ်တော့ မထင်ဘူး။”လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေကို ပိတ်သိမ်းနိုင်ဖို့နဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့ဖို့ ရခိုင်ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်က ရခိုင်ပြည်နယ်အစိုးရရုံးအဖွဲ့ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြတယ်လို့ ပြည်နယ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအချို့ကို နေရပ်ပြန်ဖို့ စစ်ကောင်စီ ခေါ်ယူပြောဆိုထားပေမဲ့ တချို့စခန်းတွေကို ပြောဆိုထားခြင်းမရှိသေးပါဘူး။

စစ်တွေမြို့ တပ်ဦးဆုတောင်းပြည့်ကျောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ခံဦးညွန့်အောင်က “ကျနော်တို့ကိုတော့ လက်ရှိအချိန်အထိ အစိုးရက ခေါ်ယူပြောတာတွေ မရှိသေးပါဘူး။ ကျနော်တို့က ၂၀၁၈ ခုနှစ်ကတတည်းက ဒီစစ်ဘေးရှောင်စခန်းမှာ နေလာခဲ့တာပါ။ ဒီစခန်းမှာ အိမ်ထောင်စု ၃၆ စုလူဦးရေ ၁၄၀ ဦး ရှိပါတယ်။ ကျနော်က ပလက်ဝမြို့နယ်ကပါ။ အစိုးရ ပြန်လွတ်ရင်လည်း ကျနော်တို့ မပြန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရွာတောင် မရှိတော့ပါဘူး။ ၅ သိန်း မပြောနဲ့၊ ၁၀ သိန်းပေးရင်လည်း ကျနော်တို့ ပြန်လို့မရပါဘူး” လို့ ပြောပါတယ်။ 

စစ်တွေမြို့ပေါ်မှာ ၂၀၁၈ ခုနှစ်က စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် အေအေတို့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ပလက်ဝ၊ ကျောက်တော်နယ်၊ တင်မ၊ လောင်းရှည်၊ အောင်သာယာ၊ ပလက်ဝ၊ စိမ့်ညှမ်းဝ၊ ဇီဇင်း စတဲ့ကျေးရွာနေပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာပါ။

စစ်ဘေးရှောင်တွေဟာ ဗုဒ္ဓေါမော်၊ ဓမ္မရာမ၊ အလိုတော်ပြည့်၊ ဘုရားများသိမ်၊ ငါးစရိပ်ကျောင်း၊ မှိုဟင်းတုတ် စတဲ့ စခန်း ၃၀ ကျော်နဲ့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတဲ့ စစ်ဘေးရှောင်စခန်းတွေကိုအိမ်ပြန်ဖို့ စစ်ကောင်စီက မပြောဆိုလာသေးဘူးလို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အပစ်အခတ် ရပ်စဲပြီးနောက် ကျောက်တော်၊ အမ်းနဲ့ မြေပုံမြို့နယ်တွေမှာ ပြည်နယ်စစ်ကောင်စီ အစိုးရ အစီအစဉ်နဲ့ စစ်ဘေးရှောင် ၆၀၀၀ ကျော်ကို မိသားစုတစု ကျပ်ငွေ ၅ သိန်း ထောက်ပံ့ပြီး အိမ်ပြန်ပို့နိုင်ခဲ့ကြောင်း ပြည်နယ်ကောင်စီ စာရင်းတွေအရ သိရပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်တို့မှာ နေရပ်မပြန်နိုင်သေးကြသူ ၆၀၀၀၀ ကျော်ရှိနေကြောင်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024