
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ကျားဖြူစစ်ကြောင်း မဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပါ ပေးနေရတယ်လို့ ကျားဖြူစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်က ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က ခြေလျင်အင်အား အလုံးအရင်းနဲ့အတူ စစ်ကြောင်းထိုးလာခဲ့ပါတယ်။ ဝေဟင်ကလည်း လေယာဉ်ပစ်ကူတွေ အသုံးပြုခဲ့တယ်။ ည ၂ နာရီမှာလည်း ထပ်ဗုံးလာကြဲသွားခဲ့တယ်။ ဒီဇင်ဘာ ၂၈ ရက် မနက် အခုထိတော့ အခြေအနေက နှစ်ဖက်စလုံး ငြိမ်နေတယ်။”
စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့နယ်ရှိ ကော့နွဲ့ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတွေကိုလည်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတဦး ထိခိုက်ပြီး လူနေအိမ်တွေလည်း လက်နက်ကြီး ထိမှန်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေကြောင့် ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ကော့ကရိတ်မြို့နယ် အနီးအနားကျေးရွာတွေဘက်အထိပါ စစ်ကောင်စီတပ်နဲ့ ကျားဖြူစစ်ကြောင်း မဟာမိတ်တပ်ပေါင်းစုတွေ နေ့စဥ်နီးပါး ထိတွေ့ပစ်ခတ်မှုရှိနေပြီး နှစ်ဖက်စလုံး အထိအခိုက်တွေရှိကာ စစ်ကောင်စီတပ်ဘက်ကတော့ မြေပြင်မှာ ပိုပြီး အထိနာနေတာကြောင့် လေယာဥ်ပစ်ကူနဲ့ တိုက်ခိုက်နေတယ်လို့ ကျားဖြူစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ်ဘက်က ကျေးရွာဒေသခံ ရာချီ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိမှာ စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကိုလည်း ဒီနေ့အထိ ကားတွေ သွားလာလို့ မရသေးတာကြောင့် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှုလည်း ရပ်ဆိုင်းနေပါတယ်။