ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေက မီတာမဆောင်တဲ့ နေအိမ်က မီတာပုံးတွေကို လိုက်လံဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်ရုံးဝန်ထမ်းတွေနဲ့အတူ လက်နက်ကိုင်ထားတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ မီတာခ မပေးဆောင်တဲ့ နေအိမ်တွေက မီတာပုံးတွေကို လိုက်ဖြုတ်ပြီး သိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။
“လျှပ်စစ်ရုံး ဝန်ထမ်းတွေနဲ့ သေနတ်ကိုင်ထားတဲ့ စစ်သား၊ ရဲတွေက မီတာမဆောင်တဲ့ အိမ်တွေက မီတာပုံးတွေ လိုက်ဖြုတ်တာ။ အင်အား ၂၀ ကျော်လောက် ရှိတယ်။ စစ်ကားပေါ်က ဆင်းပြီး မီတာ စာရွက်ပြ မီတာခမဆောင်ရင် ဖြုတ်တာပဲ။ ၂ ရက်ရှိပြီ။ အဲဒီလို လိုက်လုပ်တာ” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
လျှပ်စစ်ရုံးဝန်ထမ်းတွေနဲ့ လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ခွန်သာရပ်ကွက်နဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ပေါက်ကုန်းရပ်ကွက်က မီတာခမဆောင်တဲ့ နေအိမ်တွေက မီတာပုံးတွေကို လိုက်လံဖြုတ်သိမ်းဆည်းသွားတာပါ။
“မီတာစာရွက် အထပ်လိုက်နဲ့လာတာ။ ကိုဗစ်ကာလတုန်းက ကင်းလွတ်ခွင့်ပေးထားတဲ့ မီတာစာရွက်တွေပါပြပြီး ဆောင်ခိုင်းတယ်။ တချို့အိမ်တွေဆို မီတာခ ငါးသိန်း ခြောက်သိန်းလောက် ကျတယ်။ ထင်ရာတွေ ရေးလာပုံရတယ်။ မဆောင်တဲ့အိမ်တွေကို မီတာ ချက်ချင်းဖြုတ်တယ်။ ကျနော်သိသလောက် ၇ အိမ်လောက် မီတာပုံးဖြုတ်ခံရတယ်။”
မီတာခမဆောင်လို့ မီတာပုံးအဖြုတ်ခံရတဲ့ နေအိမ်တွေကို မီတာခအကြွေးအားလုံး တပါတည်းပေးဆောင်ပါက မီတာပုံး ပြန်လည်တပ်ဆင်ပေးမှာဖြစ်ကြောင်းလည်း လျှပ်စစ်ရုံးဝန်ထမ်းတွေက ပြောပါတယ်။
ဗန်းမော်မြို့မှာ စက်တင်ဘာလနဲ့ နိုဝင်ဘာလအတွင်း နောင်ခိုရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဟန်တဲရပ်ကွက်၊ အောင်သာရပ်ကွက်က နေအိမ်တချို့ကိုလည်း မီတာခ မဆောင်လို့ဆိုပြီး မီတာပုံးတွေ လိုက်လံဖြုတ်သိမ်းခဲ့ပါသေးတယ်။
မီတာခမပေးဆောင်လို့ မီတာပုံးတွေ လိုက်လံဖြုတ်သိမ်းတဲ့ လျှပ်စစ်အင်ဂျင်နီယာရုံးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၂ ခုနှစ် မေလမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့က နှစ်ကြိမ်တိုင် ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။