DVB Logo
Home
မြန်မာသတင်း
Socio Lite Microfinance ကုမ္ပဏီ ဝန်ထမ်းများအပေါ် ခေါင်းပုံဖြတ်မှုမရှိဟု တုံ့ပြန်
DVB
·
December 27, 2022
Socio Lite Microfinance ကုမ္ပဏီ ဝန်ထမ်းများအပေါ် ခေါင်းပုံဖြတ်မှုမရှိဟု တုံ့ပြန်
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အသေးစားချေးငွေလုပ်ငန်း ဆောင်ရွက်နေတဲ့ Socio Lite Microfinance ကုမ္ပဏီအနေနဲ့  ဝန်ထမ်းတွေရဲ့ လစာအပေါ် ခေါင်းပုံဖြတ်မှုမရှိသလို အလုပ်သမား အခွင့်အရေးဖောက်ဖျက်မှုမရှိတဲ့အကြောင်း ကုမ္ပဏီတာဝန်ရှိသူက ဒီဗွီဘီကို ပြောတယ်။

ကုမ္ပဏီအနေနဲ့ ဝန်ထမ်း ၂၀၀ ကျော်ရဲ့ လစာငွေ ကျပ်သိန်းပေါင်းရာနဲ့ချီငွေတွေကို ခေါင်းပုံဖြတ်နေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်တာရှိနေတယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးရဲ့ ထုတ်ဖော်ပြောကြားချက်ကို ကိုးကားထားတဲ့ နိုဝင်ဘာ ၉ ရက်နေ့ ဒီဗွီဘီသတင်းနဲ့ ပတ်သက်လို့  အဆိုပါကုမ္ပဏီရဲ့  မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြန်လည်တုံ့ပြန်လိုက်တာပါ။

“သမဂ္ဂက အမှန်တကယ်ဆိုရင် ကျနော်တို့ကို ချိတ်ရမှာပေါ့။ လာချိတ်လို့ရတယ်။ ကျနော်တို့ဟာ Good Corporate Governance နဲ့ စီမံအုပ်ချုပ်နေတာပါ။ ဒါကြောင့် သူတို့ လာမေးသင့်တယ်။ ကျနော်တို့ဆီမှာ အမှုထမ်း ၂၀၀ ကျော်ရှိတယ်။ အမှုထမ်းတိုင်းကို ခင်ဗျားတို့ လာမေးလို့ ရတယ်။ အမှုထမ်းဆိုတာက တချို့ ကိစ္စလေးတွေမှာ သူတို့ မကျေနပ်တာလေးတွေ ရှိတယ်။ ချဲ့ပြီး ပြောတာတွေလည်း ရှိမယ်။ မယုံလို့ရှိရင် ကျနော်တို့ဆီ ကိုယ်တိုင် လာစစ် လို့ရတယ်။ သမဂ္ဂလည်း လာစစ်လို့ရတယ်။ ကျနော်တို့ဆီမှာ ဖုံးဖိစရာ ဘာမှမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရုံးချိန်သတ်မှတ်ချက်၊ ခွင့်ခံစားခွင့်ဆိုင်ရာ သတ်မှတ်ချက်၊ ဂျူတီချထားမှုအပေါ် မကျေနပ်ချက်၊ ဝန်ထမ်းလစာ တလစာ ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်အပေါ် ဝန်ထမ်းတွေက မကျေနပ်တဲ့အတွက် အလုပ်သမားသမဂ္ဂမှတဆင့် သိရှိပြီး သတင်းထုတ်ပြန်ခဲ့တယ်လို့ ယူဆရတဲ့အကြောင်း ကုမ္ပဏီက ဒီဗွီဘီထံ ရေးသားပေးပို့လာပါတယ်။

ကုမ္ပဏီဟာ အလုပ်သမားတွေကို အလုပ်ခန့်စဉ်အချိန်က Retain ဆိုပြီး လစာတလစာ ယူထားခဲ့ပြီး နောက်ပိုင်းမှာ Security deposit လို့ ခေါင်းစဉ်ပြောင်း ယူထားကြောင်း၊ ဥပဒေအရ ရသင့်တဲ့ ခွင့်ခံစားခွင့်မပေးတဲ့အကြောင်း၊ အလုပ်သမားရဲ့ဆန္ဒ မပါဘဲ ညဂျူတီ စောင့်ခိုင်းပြီး မနက် ၈ နာရီကို နောက်ကျမှအလုပ်ကိုရောက်ခဲ့ရင် လစာအဖြတ်ခံရကာ ညနေ ၅ နာရီကျော်ပြီး အလုပ်လုပ်နေရတဲ့အတွက်တော့ အချိန်ပိုကြေး မရဘူးလို့လည်း အလုပ်သမားတွေက တိုင်ကြားတဲ့အကြောင်း အလုပ်သမားသမဂ္ဂက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က  တုံ့ပြန်ရှင်းလင်းရာမှာ အလုပ်သမားတွေရဲ့ လစာငွေကို ခေါင်းပုံဖြတ်တယ်ဆိုတာ တဖက်သတ် ထင်မြင်ချက်သာ ဖြစ်ကြောင်း၊ Financial Institution ဖြစ်တဲ့အတွက် ဘဏ်တွေမှာ ဆောင်ရွက်တဲ့ လမ်းစဉ်တခုဖြစ်တဲ့ Security Deposit ကို HR Manual မှာ တိကျစွာ ဖော်ပြထားပြီး Employment Contract လက်မှတ်ရေးထိုးစဉ်မှာ သဘောတူကြောင်း လက်မှတ်ရေးထိုးတဲ့ စနစ်အတိုင်း ဆောင်ရွက်နေကြာင်း။ ဒါ့ကြောင့် Security Deposit အတွက် ကုမ္ပဏီမှ အလုပ်စတင်ခန့်အပ်ချိန်မှာ အမှုထမ်းမှ ပေးဖို့ သတ်မှတ်ထားချက်ရှိပေမဲ့ သက်ညှာတဲ့အနေနဲ့ လစာရရှိမှုကနေ ၅ ကြိမ် ခွဲဝေပေးသွင်းခွင့် ပြုထားသလို အမှုထမ်း နုတ်ထွက်ပါက ရရန်ရှိ ပေးရန်ရှိတွေ ရှင်းလင်းပြီး ပြန်လည်ထုတ်ပေးတယ်လို့ ဆိုပါတယ်။

အလုပ်ချိန် အချိန်ပိုကိစ္စနဲ့ ပတ်သက်ပြီး လခစားဝန်ထမ်းဖြစ်လို့ အလုပ်ချိန် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ထားပြီး အမှုထမ်းတဦးချင်းစီရဲ့ အရည်အချင်းအလိုက် တနေ့တာ လုပ်ငန်းပြီးဆုံးတဲ့အထိ ဆောင်ရွက်ရတာဖြစ်တယ်လို့ ကုမ္ပဏီက ဖြေရှင်းချက်ပေးပါတယ်။

ခွင့်ခံစားခွင့်နဲ့ပတ်သက်လို့လည်း အမှုထမ်းရဲ့မိသားစု သေဆုံးခဲ့ပါက သေဆုံးတဲ့နေ့မှ ရက်လည်တဲ့နေ့အထိ ခံစားခွင့်ပေးတဲ့အပြင် အမှုထမ်းနဲ့ အမှုထမ်းမိသားစုတွေ (အသက် ၁၈ နှစ်အောက်) သေဆုံးခဲ့ပါက သတ်မှတ်ရာထူးအလိုက် နာရေးစရိတ် ခံစားခွင့်ကို သတ်မှတ်ဆောင်ရွက်ပေးတယ်လို့ပြောပါတယ်။

ဝန်ထမ်းတွေကို ကုမ္ပဏီက လုံခြုံရေးချထားမှုနဲ့ပတ်သက်ပြီး အခုကာလ လုံခြုံရေး လိုအပ်ချက်ကြောင့် မန်နေဂျာရာထူးရှိတဲ့ အမျိုးသားတွေသာ သူတို့သဘောဆန္ဒအရ ကုမ္ပဏီကို စောင့်ရှောက်တာလို့ ဒီဗွီဘီက အဆိုပါကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာထံ ဖုန်းနဲ့ဆက်သွယ်ပြီး မေးမြန်းခဲ့ရာ တုံ့ပြန်ပြောကြားလာပါတယ်။

ကုမ္ပဏီရဲ့ အခုလိုတုံ့ပြန်ချက်နဲ့ပတ်သက်ပြီး သမဂ္ဂခေါင်းဆောင်ကို ပြန်လည်ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ ကုမ္ပဏီရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့ မြေပြင်အခြေအနေမှန်နဲ့ ကွဲလွဲနေကြောင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုက အမှန်အကန် ရှိနေဆဲ ဖြစ်ကြောင်းနဲ့  အလုပ်သမားတွေက အလုပ်ပြုတ်မှာစိုးရိမ်လို့ မည်သူမည်ဝါဆိုတာ ထုတ်ဖော်မပြောရဲလို့ မပြောတာဖြစ်တယ်လို့ ဆိုပါတယ်။

သမဂ္ဂခေါင်းဆောင်တဦးက “သူမှန်တယ်ဆိုရင် သူ ရှင်းပေါ့။ တိုင်ကြားတဲ့လူ နာမည်ကိုတော့ ထုတ်ပြမှာမဟုတ်ဘူး။ သူတို့ထုတ်တဲ့စာထဲမှာ ပါတယ်။ လုံခြုံရေးစောင့်ဖို့ကိစ္စ။ သူတို့က လုံခြုံရေးဝန်ထမ်း မဟုတ်ဘူးလေ။ ဒါကြောင့် သူတို့ ဒါတွေ မစောင့်နိုင်ဘူးလို့ ပြောထားတာတွေ  လက်ခံသိမ်းထားတာတွေ ရှိတယ်။ ပြောရမယ်ဆိုရင် ဒီအချက်တွေက မမှန်ကန်ပါဘူး။ သူတို့ပြောတာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေပြီး မှားယွင်းနေပါတယ်” လို့ ပြောပါတယ်။

Socio Lite Microfinance ကုမ္ပဏီဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြည်နဝဒေးလမ်းမှာ အသေးစားချေးငွေလုပ်ငန်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပိုပြီးဆိုးဝါးလာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013