
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝကျေးရွာအနီးမှာ အသတ်ခံထားရတဲ့ အမျိုးသားတဦး အလောင်းကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရှိခဲ့ပြီး ပိုဝကျေးရွာက ဒေသခံ ၃၀ ကျော်ကိုလည်း စစ်တပ်က ဓားစာခံ ဖမ်းဆီးထားတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
စိန်ပန်းကုန်းကျေးရွာက မြေနုကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ဒီနေ့မနက်ပိုင်းမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့အတူ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။
“အလောင်းကိုတွေ့တော့ တော်တော်စုတ်ပြတ်နေပြီ။ ခု စစ်သားတွေက ရွာထဲက လူတွေကို ဖမ်းထားတယ်။ မနေ့ကတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့သေးတယ်။ ကျနော်တို့ ပြည်သူနှစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်။”
မတ္တရာမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေက ပိုဝကျေးရွာမှာ တပ်စွဲထားပြီး ကျေးရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာလို့ သိရပါတယ်။
မတ္တရာမြို့နယ်က စိန်ပန်းကုန်းကျေးရွာကိုလည်း စစ်တပ်က ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။