DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များကို ကူညီရန် ခက်ခဲနေ
DVB
·
December 27, 2022
မြောင်မြို့နယ်တွင် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များကို ကူညီရန် ခက်ခဲနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာတော့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၅ ရက်မှာ ၆၆ မမနဲ့ ပစ်ခတ်တဲ့အတွက် တောထဲ စစ်ရှောင်နေရပြီး ကူညီပေးရေးအဖွဲ့တွေက စစ်ရှောင်တွေကို သွားရောက်ထောက်ပံ့နေတဲ့အချိန် ထပ်မံပစ်ခတ်တဲ့အတွက် စစ်ရှောင်တွေ လူစုခွဲပြီး ထောက်ပံ့ပေးခဲ့ရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

မြောင်လူငယ်ကွန်ရက် ဒုတာဝန်ခံက “မြောင်နယ်ထဲက ရွာတရွာပေါ့၊ ၂၅ ရက်နေ့ကတည်းက မြစ်အရှေ့ဘက်ကမ်းကနေ လှမ်းပစ်ခတ်နေတာ။ အခုချိန်ထိ တရပ်စပ်ပုံစံနဲ့ ပစ်ခတ်နေတာမျိုးတွေရှိတယ်။ ၆၀ မမတွေနဲ့ရော အီနာဂါလာချတာမျိုးတွေပေါ့၊ လက်ရှိကတော့ အခုအချိန်ထိ အဲဒီကျေးရွာထဲက ဒေသခံတွေဆိုရင် သူတို့ရွာထဲ နေလို့မရတဲ့ အခြေအနေဆိုတော့ အခုဆိုရင် ငါးညအိပ်ခြောက်ရက် တောထဲခိုလှုံနေရတယ်” လို့  ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က ပစ်ခတ်ခဲ့မှုကြောင့် စစ်ရှောင် ၁,၀၀၀ ကျော် တောထဲထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအကူအညီ တောင်းခံတဲ့အတွက် အဖွဲ့တွေ သွားရောက်ကူညီရာမှာ ၆၀ မမနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“၂၅ ရက်နေ့က ပစ်ခတ်တာကြောင့် တောထဲထွက်ပြေးနေရတယ်ဆိုပြီး စားနပ်ရိက္ခာ အကူအညီ တောင်းလာလို့ သွားပြီး အကူအညီပေးနေတာ။ အဲဒီလို အကူအညီပေးနေတုန်းမှာပဲ အဲဒီဘက်က ၆၀မမ တလုံးနဲ့ ထပ်ပစ်လိုက်တယ်။ အဲဒီလိုထပ်ပစ်လိုက်တော့ ဒေသခံတွေကလည်း ရွာထဲပြန်ဝင်ဖို့ ကြောက်ရွံ့နေကြတယ်။ နေ့စဉ်နဲ့အမျှ လှမ်းလှမ်းပစ်နေတာဆိုတော့ သူတို့လည်း ရွာထဲပြန်မဝင်ရဲတော့ဘဲ တောတွေထဲက သစ်ပင်ကြီးတွေအောက်တွေမှာပဲ နေနေကြရတယ်။ လူငယ်တွေက သပ်သပ်၊ အသက်ကြီးရွယ်အိုတွေက သပ်သပ်ဆိုပြီး ခွဲနေနေကြရတယ်။”

အဆိုပါ မြောင်နယ်ထဲက ကျေးရွာကို ၆၀မမနဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်မှုကြောင့် အိမ်ထောင်စု ၂၀၀ ကျော်၊ စစ်ဘေးရှောင်ဦးရေ ၁,၀၀၀ ကျော် တောထဲပုန်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေအနေနဲ့ အရေးပေါ် အစားအသောက် အကူအညီတွေ လိုအပ်နေပြီး သက်ကြီးရွယ်အိုတွေအတွက် လက်ရှိအချိန်ထိ ဆေးဝါးကုသပေးမှုတွေလည်း မရရှိနိုင်သေးဘူးလို့ သိရပါတယ်။

‌ဒီဇင်ဘာ ၂၃ ရက်ကလည်း မြောင်မြို့နယ်ထဲက ညောင်ကားယားကျေးရွာထဲကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ကိုင်းကျေးရွာဘက်မှ ၆၀ မမ ၃ တွဲ၊ အတွဲလိုက် အီနာဂါတွေကို ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတဦး အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013