
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအနီးရှိ စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၅၆၁ တပ်ရင်းကို သွားရောက်ပစ်ခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီက တပ်ရင်းနှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ကျင်းပနေတဲ့အချိန်မှာ စစ်ကောင်စီ ၅၆၁ တပ်ရင်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တာလို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒေသခံ PDF အဖွဲ့ဝင်တဦးက “သူတို့တပ်ရင်းမှာ အထိမ်းအမှတ်လုပ်တယ် ဆိုတာသိလို့ သွားပြီးတော့ ပစ်ခတ်တာပါ။ ပစ်ခတ်ပြီး ပြန်ဆုတ်လာမှ စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးတွေ ရမ်းသန်းပြီး ပြန်ပစ်တာပါ။”လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက် တစုံတရာ မရရှိခဲ့ကြောင်း တိုက်ပွဲမှာ ပါဝင်သူတဦးက ဆိုပါတယ်။
အခုတိုက်ခိုက်မှုမတိုင်ခင် ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတချို့ ထိခိုက်ကာ တဦးသေဆုံးခဲ့ပါတယ်။