DVB Logo
Home
မြန်မာသတင်း
ပခုက္ကူခရိုင်၌ ပြည်သူ ၃ ဦးကို PDF ဟုစွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး၊ ထီးလင်းမြို့နယ်တွင် ရွာမီးရှို့
DVB
·
December 27, 2022
ပခုက္ကူခရိုင်၌ ပြည်သူ ၃ ဦးကို PDF ဟုစွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး၊ ထီးလင်းမြို့နယ်တွင် ရွာမီးရှို့
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ  ဒီဇင်ဘာ ၂၆ ရက်က အမျိုးသား  ၃ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ဧရာဝတီတံတားထိပ်မှာ မနေ့မနက်ပိုင်းက မုံရွာ-ပခုက္ကူ ခရီးသည်တင်ကားပေါ်ကနေ ဒေသခံ ကိုဟိန်းဇော်ထက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ထဲဝင်မယ့်သူလို့ စွပ်စွဲဖမ်းဆီးပြီး ပခုက္ကူမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ပခုက္ကူမြို့ခံက ပြောပါတယ်။

ပေါက်မြို့နယ်၊ ရေဖြူကျေးရွာအဝင်မှာလည်း မနေ့ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကိုကျော်မင်းစိုးကို စစ်အုပ်စုက PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပေါက်မြို့နယ် ဒေသခံတယောက်က ဆိုပါတယ်။

ရေစကြိုမြို့မှာလည်း အမှတ် ၈ ရပ်ကွက်က ကိုကျော်သက်ခိုင်ကိုလည်း  မနေ့ ညနေ ၃ နာရီလောက်မှာ ဒလန်တွေက သတင်းပေးလို့ စစ်အုပ်စုတွေက PDF လို့ စွပ်စွဲဖမ်းဆီးကာ ရေစကြိုမြို့မရဲစခန်းကို ခေါ်ဆောင်သွားကြတယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်အုပ်စုတွေက နေ့စဥ်ရက်ဆက် ပိတ်ဆို့ စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးနေတာလို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာတော့ ဒီဇင်ဘာ ၂၆ ရက်က စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝက်သက်(တောင်) ရွာ ဒေသခံတယောက်က “ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာကို မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်(...)၊ ပျူ(...)တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ညနေပိုင်းမှာ ဝက်သက်(တောင်)ရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ ညပိုင်းမှာတော့ ဝက်သက် အရှေ့ပြင်ရွာက နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ထီးလင်းမြို့ ရွှေထီးခန်းမကနေ အင်အား ၉၀ လောက်နဲ့ ဒီဇင်ဘာ ၂၄ ရက် မနက် ၄ နာရီလောက်မှာ စတင်ထွက်ခွာလာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတဲ့အတွက် ကျေးရွာ ၅ ရွာလောက်က ဒေသခံပြည်သူ ၂,၀၀၀ ကျော်လောက် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီနေ့မှာတော့ ထလင်းကျေးရွာကို ရှောင်တခင် ဝင်ရောက်ခဲ့တာဖြစ်လို့ ရွာသူရွာသားတွေ ပိတ်မိနေခဲ့ပြီး ရွာသားတွေကို အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲထားကာ စစ်ကောင်စီကို ထောက်ခံဖို့ ဟောပြောတာတွေပြုလုပ်ခဲ့ပါတယ်။ ဒီနောက် ဒလန်တယောက်ရဲ့ သတင်းပေးချက်ကြောင့် CDM ကျောင်းဆရာတယောက်ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးကာ NUG ရဲ့ ပညာရေးအစီအစဥ်မှာ မပူးပေါင်းဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရွာသားက ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်တဲ့ ကျေးရွာတွေမှာ ဒလန်တွေက သတင်းပေးတဲ့ နေအိမ်တချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေ၊ ငွေကြေးတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်တွေက အိမ်ခြေ ၇,၈၁၈ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013