ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာကို ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့နွဲ့ကျေးရွာဟာ ကော့ကရိတ်-မြဝတီ (အာရှ)လမ်းမကြီးအနီးမှာ တည်ရှိပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ မြေပြင်ကော လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အိမ်ထောင်စု ၈၀၀ ကျော်က ထောင်နဲ့ချီတဲ့ ရွာသားတွေ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကာ မီးရှို့ဖျက်ဆီးခံရတာပါ။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကော့နွဲ့ကျေးရွာက နေအိမ်အရေအတွက် အတိအကျကိုတော့ လုံခြုံရေးအခြေအနေအရ သွားမကြည့်နိုင်သေလို့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက်က ကော့နွဲ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ PDF ပူးပေါင်းတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၅ တပ်ရင်းက ဗိုလ်ကြီးတဦး အပါအဝင် ရဲဘော်အများအပြား သေဆုံးခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကို စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ ရာသီဥတုဒဏ်ကြောင့် နေထိုင်မကောင်းသူတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။