DVB Logo
Home
မြန်မာသတင်း
NDAA ဥပဒေ အကြမ်းဖက်မှုကို အားပေးရာရောက်ဟု စစ်ကောင်စီတုံ့ပြန်၊ အမေရိကန်သံရုံး တာဝန်ခံကို ခေါ်ယူ ကန့်ကွက်
DVB
·
December 27, 2022
NDAA ဥပဒေ အကြမ်းဖက်မှုကို အားပေးရာရောက်ဟု စစ်ကောင်စီတုံ့ပြန်၊ အမေရိကန်သံရုံး တာဝန်ခံကို ခေါ်ယူ ကန့်ကွက်
Donate to DVB

အမေရိကန်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA 2023) ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ပြီး  အကြမ်းဖက်မှုကို အားပေးရာ ရောက်တယ်လို့  စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA) ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အပေါ် စစ်ကောင်စီက  ပြန်လည်တုံ့ပြန်လိုက်တာပါ။

ဒီဥပဒေမှာ “BURMA ACT” ဥပဒေကိုလည်း ထည့်သွင်းထားပြီး NUG၊ CRPH၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း အကူအညီပေးဖို့ ထည့်သွင်းထားတာပါ။

အက်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာ၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင် NUG၊ NUCC၊ CRPH နဲ့ PDF တွေကို ကူညီထောက်ပံ့မှုဟာ အကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သို့ အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်းနဲ့ ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်လို့ ပြင်းထန်စွာကန့်ကွက်ကြောင်း သံတမန်စာကို မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှတဆင့် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးထံ ဆက်သွယ်ပြီး တရားဝင် ထပ်မံကန့်ကွက်ပြောကြားခဲ့သလို ရန်ကုန်ရှိ၊ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရုံးကို ဆင့်ခေါ်တွေ့ဆုံ ပြင်းထန်စွာကန့်ကွက်ခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ထိုးလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ရလာနိုင်စရာရှိတဲ့ အကူအညီတွေကို မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေကို အမြန်ဆုံးကူညီနိုင်အောင် စီစဉ်သွားမယ်လို့  NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013