DVB Logo
Home
မြန်မာသတင်း
ဆောင်းသီးနှံပေါ်ချိန် ပဲဈေးနှုန်းများကျဆင်း
DVB
·
December 27, 2022
ဆောင်းသီးနှံပေါ်ချိန် ပဲဈေးနှုန်းများကျဆင်း
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံ ပဲပေါ်ချိန်မှာ ပဲစျေးနှုန်းတွေ ကျဆင်းလာတယ်လို့ ပြည်တွင်း ပဲကုန်သည်တွေထံက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံပဲတွေဟာ ပြည်တွင်းလက်ကျန် များနေပြီး ဆောင်းစိုက်ပဲ အသစ်တွေလည်း ဈေးကွက်ထဲ ဝင်လာနေတာကြောင့် စျေးနှုန်းကျဆင်းနေတာလို့ ကုန်သည်တွေက ဆိုပါတယ်။

ပဲကုန်သည်တစ်ဦးက “မတ်ပဲဟောင်းလက်ကျန်တွေများတော့ ရောင်းအားများနေတယ်။ ဆောင်းပဲတွေလည်း ဝင်တယ်လေ အဲတာကြောင့် ကျတာ။ ပဲစင်းငုံကလည်း ကျတယ်။  ဆောင်းပဲထွက်နေတော့ ပစ္စည်း ပေါလာပြီး ဈေးကျလာတယ် ”လို့ ပြောပါတယ်။

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးနှုန်းအရအရ မတ်ပဲစျေးနှုန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယပတ်မှာ  တစ်တန်ကို ကျပ်  ၁၈ သိန်းအထက်အထိ ရှိခဲ့ပြီးတော့ လက်ရှိမှာ ကျပ် ၁၇ သိန်း ၂ သောင်းအထက်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

ပဲစင်းငုံစျေးကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက တစ်တန်ကို ကျပ်  ၁၉ သိန်းအထက်အထိ ရှိခဲ့ပေမဲ့ အခု တစ်တန်ကို ကျပ်   ၁၇သိန်း ၄သောင်း ကျော်ပဲ ပေါက်ဈေး ရှိနေပါတယ်။

နောက်ထပ် ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်တဲ့ ပဲတီစိမ်းဈေးကလည်း  တရုတ်အပါအဝင် ပြည်ပ ဝယ်လက် အဝယ်နည်းနေတာကြောင့် ဈေးအေးနေပြီး လက်တလောမှာ သုံးတင်းဝင် တစ်အိတ်ကို  ၁သိန်း ၁ သောင်းကနေ  ၁ သိန်း ၄ သောင်းအတွင်းမှာပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့  မန္တလေး ကုန်စည်ဒိုင် ဈေးကွက်အတွင်းက သိရပါတယ်။

မန္တလေးမြို့ ပွဲရုံပိုင်ရှင် တစ်ဦးက “ ပဲတီစိမ်းကတော့ စျေးကွက်အခြေအနေ သိပ်မကောင်းဘူး။  ဝယ် လက်နည်းတယ်။ စျေးအေးတယ်” လို့ပြောပါတယ်။

မတ်ပဲ၊ ပဲစင်းငုံစျေးတွေက ပြီးခဲ့တဲ့နှစ် ကာလတူစျေးနှုန်းထက် ပိုပြီး အခုနှစ် စျေးကောင်းရရှိနေပေမဲ့ ဒီနှစ်မှာ မြန်မာကျပ်ငွေ ကျဆင်းနေပြီး   သွင်းအားစု စျေးမြင့်လို့ တောင်သူတွေ စိုက်ပျိုးစရိတ် ပိုကုန်ကျခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတူအချိန်မှာ မတ်ပဲတစ်တန်ကို ၁၂ သိန်းခွဲဝန်းကျင်၊ ပဲစင်းငုံတစ်တန်ကို ကျပ်  ၁၁ သိန်း အထက်မှာပဲ ရှိခဲ့ပါတယ်။

မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံ အရောင်းအဝယ်ဟာ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်အပေါ် မူတည်နေပြီး၊ ပဲစျေးနှုန်းတွေကလည်း အိန္ဒိယ ရူပီးငွေတန်ဖိုးနဲ့ ဆိပ်ကမ်းအရောက်တန်ဖိုး( CNF) ပေါက်ဈေး၊ ပြည်တွင်းနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ရာသီဥတု၊ ပဲအထွက်နှုန်းတို့အပေါ်မှာပဲ မူတည်နေတယ်တယ်လို့ စျေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

လတ်တလော အသစ်ဝင်ပို့ကုန်ပဲတွေ စျေးကျဆင်းနေပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ပဲအထွက်နှုန်း လျော့ကျနေပြီး ဈေးကွက်လိုအပ်ချက် မြင့်နေတာကြောင့် ရည်ရှည်မှာ  ဝယ်လိုအားနဲ့အတူ စျေးပြန် ကောင်းလာနိုင်တယ်လို့ ပဲကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံကနေ မတ်ပဲနှင့် ပဲစဉ်းငုံ တင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် မတ်လကုန်ထိ သက်တမ်း တိုးပေးထားပြီး G to G စနစ်နဲ့လည်း မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အထိ နှစ်စဉ် ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ကို အိန္ဒိယစျေးကွက်အပေါ်မှီခိုပြီး အဓိကထား စိုက်ပျိုး နေတာဖြစ်လို့လို့ အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းခွင့် မူဝါဒ အပေါ်မူတည်ပြီး ပြည်တွင်းပဲ စျေးကွက်အပေါ် ရိုတ်ခတ်မှုရှိပါတယ်။

နိုင်ငံတွင်း ပဲမျိုးစုံ အထွက်နှုန်းကလည်း ပြည်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ကောင်းကောင်း စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိလို့ အထွက်နှုန်း လျော့ကျမယ်လို့ အဲဒီအသိုင်းအဝိုင်းက ခန့်မှန်းထားကြတာပါ။

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စတဲ့ ပို့ကုန်ပဲတွေကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ စိုက်ပျိုးပါတယ်။ အခုအခါမှာ မကွေးနဲ့ စစ်ကိုင်းတိုင်းက တောင်သူတွေဟာ စစ်ကောင်စီက စစ်ကြောင်းထိုး၊ ရွာမီးရှို့နေလို့ လယ်ယာလုပ်ငန်းကို စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်ကြဘူး။ 

ပြည်ပကို ပဲမျိုးစုံတင်ပို့အမှုအနေနဲ့ အခုနှစ် ဧပြီလကနေ ဒီဇင်ဘာတတိယပတ်အထိ တန်ချိန် ၁ ဒသမ ၁ သန်းကျော် တင်ပို့ထားပြီး  ပဲမျိုးစုံတင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ  အမေရိကန်ဒေါ်လာ ၉၁၇ သန်းကျော် ရရှိထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013