DVB Logo
Home
မြန်မာသတင်း
မင်းကင်းနှင့် ကနီတွင် ပျူစောထီးစခန်းနှင့် စစ်ရေယာဉ်တိုက်ခိုက်ခံရ၊ ချောင်းဦးတိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်
DVB
·
December 27, 2022
မင်းကင်းနှင့် ကနီတွင် ပျူစောထီးစခန်းနှင့် စစ်ရေယာဉ်တိုက်ခိုက်ခံရ၊ ချောင်းဦးတိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ပျူစောထီးအခြေစိုက်စခန်းတခုဖြစ်တဲ့ ကျော်ရွာကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ကျော်ရွာကို စစ်ကောင်စီက လက်နက်တွေ၊ စကားပြောစက်တွေ ထုတ်ပေးထားကာ ဒေသတွင်း ပျူစောထီးသင်တန်းတွေ ပို့ချပေးနေတဲ့ရွာ ဖြစ်ပြီး မနေ့မွန်းလွဲပိုင်းကနေ ညနေပိုင်းလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ပစ်ကြတာတော့ သူပစ်ကိုယ်ပစ်ပဲ။ သူတို့ဘက်ကတော့ စစ်ကောင်စီက ထုတ်ပေးထားတဲ့ သေနတ်အစစ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဘက်က မင်းကင်းတပ်ရင်း-၅ ရဲဘော်တဦး ပေါင်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်ရခဲ့တယ်” လို့ ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်‌ နောက်တဦးကလည်း “ကျနော်တို့ဘက်က လူအင်အား အသာစီးနဲ့ လက်လုပ် တတောင့်ထိုးတွေနဲ့ မောင်းပြန်ရိုင်ဖယ်အနည်းငယ်၊ တာဝေးပစ် တူမီးကြီးတွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ၁၄ ယောက် သေဆုံးတယ်။ နောက်ပြီးတော့ ရန်သူဘက်က သေနတ်တွေ အပါအဝင် ကျည်တွေ၊ စကားပြောစက်နဲ့ တခြား စစ်အသုံးအဆောင်တွေကိုလည်း သိမ်းယူနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို မင်းကင်းအခြေစိုက် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၊ ၄၊ ၅ နဲ့ မဟာမိတ် ရွှေတြိဂံတပ်ရင်း၊ K2၊ နယ်မြေခံ ပကဖ အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာတော့ နတ်ကြီးကျေးရွာအနီးရှိ ချင်းတွင်းမြစ်အတွင်း သောင်တင်နေတဲ့ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီ ရေယာဉ်တွေဟာ အထက်ပိုင်းက စစ်ကောင်စီတပ်ကိုပို့မယ့် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတာလို့ ဆိုပါတယ်။

Chindwin Attack Force အဖွဲ့ဝင်က “နတ်ကြီးရွာ သောင်ပြင်ပေါ်မှာ သောင်တင်နေတဲ့ စကစ သင်္ဘော ၄ စီးပေါ်ကို အနီးနားရွာက ပကဖ၊ ပအဖတွေ အကူအညီယူပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ အဖူးတဖူးက စကစတွေကိုကျော်ပြီး ရွာတရွာထဲ ကျသွားတယ်။ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရတယ်။ အဲဒီရွာက မိဘပြည်သူတွေကို တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ရေယာဉ်အုပ်စုမှာ ထိခိုက်သေဆုံးတာတွေ အများအပြားရှိနိုင်ပြီး အရေအတွက်တော့ မသိရှိကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက်တာ မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Chindwin Attack Force အဖွဲ့ရဲ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကံကြီးကုန်းရွာနားမှာ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက စတင်တိုက်ပွဲဖြစ်နေတဲ့အတွက် အနီးအနားဝန်းကျင်ရွာတွေက ဒေသခံ ၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “မနက် ၆ နာရီလောက်က စဖြစ်တာ။ နှစ်ဖက် တိုက်ပွဲဖြစ်နေပြီး နှစ်နာရီလောက်အကြာ တိုက်လေယာဉ်နှစ်စီး ပတ်ဝဲနေတော့ အပစ်အခတ်တော့ ရပ်သွားတယ်။ ဒေသခံ ၂,၀၀၀ ကျော်လောက်က တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးရတယ်။ သိရသလောက် အရပ်သားထိခိုက်တာတော့ မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကံကြီးကုန်း၊ ဆီပန်းကန်၊ ရွှေကူ၊ ငွေသာ၊ ကုန်းသာ၊ အမြင့်၊ တောကျောင်းလေးနဲ့ နဂါးဘိုရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ရှောင်တိမ်းထွက်ပြေးနေကြရတာပါ။

ချောင်းဦးမြို့နယ်မှာ အောက်တိုဘာလက မှန်ချို၊ မထိသာ၊ ငါးလုံးတင်နဲ့ ဆင်ပြေရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013