Home
မြန်မာသတင်း
ပေါက်မြို့ရှိ စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ရေစကြိုတွင် စစ်တပ်နှင့် ပျူစောထီးက နေအိမ် ၁၆၀ ကျော်ကို မီးရှို့
DVB
·
December 27, 2022

မကွေးတိုင်း၊ ပေါက်မြို့မှာ ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့-SPGF တပ်ခွဲ-၁ ကနေ သိရပါတယ်။

SPGF တပ်ခွဲ-၁ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုက်ခဲက “ပေါက်မြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့ အိမ်တွင်းမှုဂိတ်နားမှာ မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကျနော်တို့ဘက်က မိုင်းထောင်ဖို့သွားတဲ့အချိန်မှာ စစ်(...)တွေဘက်က ကင်းပုန်းနဲ့ တည့်တည့်တိုးပြီး နာရီဝက်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။

SPGF ဘက်က ၄၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦး လဲကျသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က ကျည်ဆန်အင်အား မလုံလောက်တာကြောင့် ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ SPGF တပ်ခွဲ-၁ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ PDF ရဲဘော် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ စားသောက်ဆိုင်ကြီး ၂ ဆိုင် အပါအဝင် ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁၆၂ လုံးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.အ.ဖ က ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ၁ ရက်ကနေ ၂၆ ရက်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ပခုက္ကူ-မန္တလေးကားလမ်း အောင်မိုးလမ်းခွဲက စားသောက်ဆိုင်ကြီး ၂ ဆိုင် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ရေစကြိုပ.အ.ဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေရာတွေကတော့ အောင်မိုးလမ်းဆုံ၊ ဆင်ခြေယာရွာ၊ မြေစွန်းတော်၊ မလကာခြံ၊ ရွာထောင်၊ ဆပ်သွား၊ ကုန်းရင်း၊ ငါးမြာကြီး၊ ဗျည်းဘ (အနောက်ရွာ)၊ ပိတ်သင်းကပ်၊ သစ်ခေါက်ဆိပ်၊ ထန်းပင်ချောင်းနဲ့ ရွာသာအေးရွာတို့ဖြစ်ပြီး အဲဒီထဲမှာ ဗျည်းဘ (အနောက်ရွာ) ကတော့ အိမ်ခြေ ၇၄ လုံး မီးလောင်ကျွမ်းပြီး အများဆုံး မီးလောင်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပခန်းငယ်၊ ဆင်ခြောင်း၊ ဟင်္သာကျေးရွာတွေက ပျူစောထီးတွေပေါင်းပြီး လက်နက်တွေပစ်ဖောက်ကာ ကျေးရွာတွေကို စီးနင်းမီးရှို့ခဲ့တဲ့ အပြင် နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူတာတွေ၊ ပရိဘောဂပစ္စည်း၊ စက်ပစ္စည်း၊ အဝတ်အထည်နဲ့ စားသောက်ကုန်တွေကိုလည်း ခိုးယူသွားကြတယ်လို့ ရေစကြိုပ.အ.ဖ ပြန်ကြားရေးတာဝန်ခံ က ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သူတို့စိတ်ကြိုက် သတ်ဖြတ်စားသောက်သွားတဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

မီးဘေးသင့် မိဘပြည်သူတွေကို ထောက်ပံလှူဒါန်းပေးနိုင်အောင် ရေစကြိုမြို့နယ် ပ.အ.ဖ၊ ပ.က.ဖ တို့က ဦးဆောင်ပြီး NUG အစိုးရရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ပြည်တွင်း ပြည်ပ အလှူရှင်တွေ၊ ရေစကြိုမြို့နယ် ပ.လ.ဖ နဲ့ ရပ်ကျေး ပ.အ.ဖ အဖွဲ့တွေ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ မကွေးတိုင်းမှာ  စစ်ကောင်စီတပ်တွေက အိမ်ခြေ ၇,၈၁၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024