DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ သံရုံးအချို့က ခရီးသွားသတိပေးချက်ထုတ်ထားသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်
DVB
·
December 27, 2022
ရန်ကုန်ရှိ သံရုံးအချို့က ခရီးသွားသတိပေးချက်ထုတ်ထားသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ အနောက်နိုင်ငံသံရုံးတချို့က နိုင်ငံခြားသားတွေအတွက် ခရီးသွားလုံခြုံရေး သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။ 

အမေရိကန်သံရုံးနဲ့ ဗြိတန်သံရုံးတို့က မြန်မာနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သူတို့ နိုင်ငံသားတွေကို နိုင်ငံတွင်းသွားလာတဲ့အခါ အထူး သတိထားကြဖို့နဲ့ လာမယ့် လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ အပါအဝင် အထင်ကရ ပိတ်ရက်တွေမှာ ဂရုစိုက် သွားလာကြဖို့ ဒီဇင်ဘာ ၂၃ ရက်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဲဒီ ထုတ်ပြန်ချက်တွေထဲမှာ ရန်ကုန်မှာ ရှိတဲ့ Shangri-La ဟိုတယ်နဲ့ Lotte ဟိုတယ်တွေ အပါအဝင် ရန်ကုန်၊ နေပြည်တော်က အစိုးရအဆောက်အအုံ၊ စစ်ဆေးရေးဂိတ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေ အပါအဝင် စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ နေရာတွေကို သတိထား သွားလာကြဖို့ ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က"ပွင့်ပွင့်လင်းလင်း ပြောရရင် ခရီးသွားဖို့အတွက် အန္တရာယ်ရှိတဲ့နိုင်ငံ၊ မသွားဖို့ ထုတ်ပြန်ထားတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါနေတုန်းပဲ အခုထိပေါ့။ အဲဒီ ထုတ်ပြန်ချက် ကြေညာလိုက်တဲ့ အချိန်မှာ တကမ္ဘာလုံးကနေ မြန်မာနိုင်ငံကို မသွားတော့ဘူး ဆိုပြီးတော့ ဖြစ်သွားတာရှိတယ်။ ခရီးသွား ကုမ္ပဏီတွေကနေ မြန်မာနိုင်ငံအတွက် ခရီးစဉ် ရောင်းချနေတာတွေ ရပ်တန့်လိုက်တာတွေ ရှိတယ်။ ဒါကြောင့်မို့ ခရီးသွားဝင်ရောက်မှုတွေ အများကြီး သက်ရောက်မှု ရှိပါတယ်" လို့ ပြောပါတယ်။

အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေအရ နိုင်ငံရဲ့ ပဋိပက္ခတွေ၊ ဒေသတွင်း မတည်ငြိမ်မှုတွေအပေါ် ကြည့်မယ်ဆိုရင် နိုင်ငံရဲ့ နေရာအနှံ့အပြားကို ခရီးသွားနိုင်တဲ့ နည်းနေပါသေးတယ်။ လက်ရှိ ခရီးသွားနိုင်တဲ့ နေရာလေးတွေကိုပဲ စုပြုံပြီး သွားနေတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဒေသတွေမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

ဒါကြောင့်မို့လို့ ပြည်တွင်းကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်လာမှုက ထင်သလောက် အရေအတွက် မရှိသေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

"ခရီးသည်အရေအတွက်ကတော့ အားရစရာ မရှိသေးဘူး။ ခရီးသည် ဝင်ရောက်မှုက အလုံးအရင်းနဲ့ ဝင်ရောက်မှု မရှိသေးဘူး။ ဒါကြောင့်မို့လို့ ခရီးသွားလုပ်ငန်းက ထင်သလောက်ကြီး အဆင်မပြေသေးဘူး။ ကျနော်တို့ စိုးရိမ်မိတာ ဒီကြားထဲမှာ တခုခု မဖြစ်ဖို့ပဲ။ အကယ်၍ တခုခု ဖြစ်ပွားခဲ့တယ်ဆိုရင် တိုင်းပြည်ရဲ့ Image က အရမ်းကျသွားနိုင်တယ်။ အဲဒါမျိုး မဖြစ်အောင် ကျနော်တို့ အနေနဲ့ သတိထား ဆောင်ရွက်ဖို့ လိုပါတယ်။”

လက်ရှိမှာတော့ ပြည်ပ ခရီးသွား ဝင်ရောက်မှုအနေနဲ့ ထိုင်းနိုင်ငံက ခရီးသွား လာရောက်မှု အများဆုံးလို့ သိရပါတယ်။ အနောက်နိုင်ငံအနေနဲ့ FIT လို့ ခေါ်တဲ့ Free Individual Traveler အနေနဲ့သာ လာရောက်မှုမျိုး ရှိပြီး ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတချို့က ဗီဇာ အခက်အခဲကြောင့် မြန်မာနိုင်ငံကို Transit သဘောမျိုး ရက်တို လာရောက်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာတော့ အခုနှစ် အောက်တိုဘာလကစကာ ခရီးသွားလုပ်ငန်း ပြန်လည်စတင် လည်ပတ်ခဲ့တာ ဖြစ်ပြီး ကိုဗစ်နဲ့ စစ်တပ် အာဏာသိမ်းမှု ကာလမတိုင်ခင်ကာလ ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်း အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ ရာခိုင်နှုန်း နည်းနေသေးတယ်လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"အရင်ကလိုမျိုး အများကြီးတော့ မဟုတ်ဘူးပေါ့။ ကွာခြားတာပေါ့။ အရင်တုန်းကဆို New Year ခရစ္စမတ်ဆို ခရီးသွားလုပ်ငန်းတွေက ဆွဲတဲ့ ခရီးစဉ်ဆို အနည်းဆုံး ၁၀ ခု ပတ်ဝန်းကျင် ရှိတယ်။ အခုဆိုရင် ခရီးစဉ်တခု၊ နှစ်ခုလောက်ကိုပဲ ဆွဲနေရတာပေါ့။ ခရီးသွားဝန်ဆောင်မှုက ရာခိုင်နှုန်းတော့ နည်းတယ်။ လည်ပတ်နိုင်တဲ့ အခြေအနေလေးပဲပေါ့။ လုပ်ငန်းကြီးကြီးမားမား အောင်မြင်တဲ့အထိတော့ မရှိသေးပါဘူး" လို့ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေက ကြိုတင် မှန်းဆလို့ မရဘဲ နေ့စဉ်နဲ့အမျှ နိုင်ငံရေးပဋိပက္ခ လက်နက်ကိုင် တိုက်ခိုက်မှုတွေက အချိန်မရွေး ဖြစ်ပွားနေပြီး နိုင်ငံခြားသားတွေ သွားလာလေ့ရှိတဲ့ တည်းခိုခန်း၊ ဟိုတယ်၊ ဈေးဝယ်စင်တာနဲ့ စားသောက်ဆိုင်လို နေရာမျိုးတွေမှာ သတိထားသွားလာဖို့ သက်ဆိုင်ရာ သံရုံးတွေက သတိပေး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013