Home
မြန်မာသတင်း
ဆောမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံး
DVB
·
December 26, 2022
321312444_496850545879819_3437043478365814150_n

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  အရပ်သား ပြည်သူ ၄ ယောက်သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ မိသားတစုတည်းက ၃ ယောက်နဲ့ တခြားတအိမ်က တယောက် သေဆုံးခဲ့တယ်လို့ ညောင်ကန်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်က အမှတ်မထင်ရောက်လာပြီး ဗုံးတွေကြဲ၊ စက်သေနတ်တွေနဲ့လည်း ပစ်ခတ်လို့ နေအိမ် ၆ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်။ ဒဏ်ရာရရှိတဲ့ လူနာတွေကိုတော့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ကာ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးထားပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ ၂ ယောက် ကတော့ အခြေအနေ စိုးရိမ်ရတယ်။”

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ကျေးရွာ ၃ ရွာလောက်ကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024