
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီဇင်ဘာ ၂၆ ရက် ဒီနေ့မနက်က အမှတ် ၂ ရဲစခန်းမှူး အပါအဝင် ၇ ယောက်လိုက်ပါလာတဲ့ ကားတစီး တိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် ရဲ ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မုံရွာခရိုင် တပ်ရင်း-၇ Lightning People Defence Force ထံက သိရပါတယ်။
ဒီမနက် ၇ နာရီကျော်လောက်က မုံရွာမြို့ပေါ် အမှတ် ၂ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကားတစီး မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ သမစိတ္တလမ်း၊ အင်ကြင်းခိုင် ဟိုတယ်အနီး ပစ်တိုင်းထောင် ကွမ်းယာဆိုင်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒေသခံမျက်မြင်တွေ့သူတဦးက “ပစ်တာကတော့ ခဏလေးရယ်။ ပထမလာတာက ကားတစီးနဲ့လာတယ်။ ကွမ်းယာဆိုင်မှာ ကွမ်းယာဝင်ဝယ်ပြီး အပြန်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ရုတ်တရက် လာပစ်သွားတယ်။ ပစ်တာက လူငယ်လေးတွေပါ။ မြန်လည်းမြန်တယ်ဗျ။ သူတို့ပစ်ပြီး မကြာဘူး၊ နောက်ထပ် စစ်သားတွေ ထပ်ရောက်လာတော့ လူငယ်လေးတွေက မရှိတော့ဘူး။ နောက်ပြန်ဆုတ်သွားတယ်။ စစ်ကောင်စီဘက်ကတော့ အထိအခိုက်တွေရှိတယ်။ အတိအကျတော့ မသိဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း-၇ Lightning People Defence Force မှ ရဲဘော်တွေ၊ Black Falcon မြို့ပြပြောက်ကျားအဖွဲ့မှ ရဲဘော်တွေနဲ့ မုံရွာမြို့နယ် ပ.လ.ဖ အဖွဲ့မှ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းမှူး အပါအဝင် ရဲ ၃ ဦး ကျဆုံးတယ်လို့ Lightning People Defence Force အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၃ နာရီကျော်ကလည်း စစ်ကိုင်းမြို့ကနေ မုံရွာဘက်ကို စစ်သားအင်အားလာဖြည့်တဲ့ စစ်ကောင်စီကားတွေ မုံရွာ-မန္တလေး လမ်းမကြီးပေါ်၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံကာကွယ်ရေးသမားတဦးက “မနက်အစောကြီး စစ်ကိုင်း ၃၃ တပ်ကနေ စစ်သားအပြည့်နဲ့ စစ်ကား ၃ စီးနဲ့ ထွက်လာတယ်။ ဖရဲသီးသတင်းပေးက ကြိုတင်ဖုန်းဆက်လာတယ်။ အဲဒါကိုသိလို့ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတာ။ မိုင်းဆွဲတာက ၅ နေရာကနေ စောင့်ပြီး မိုင်းဆွဲခဲ့တာဗျ။ စခသေကတော့ စုံစမ်းနေတုန်းပဲ။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နဲ့ People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F- MMU၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu (DKPDF) စတဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးတာနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။