Home
မြန်မာသတင်း
ကော့ကရိတ်တွင် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး ဦးပဉ္စင်း ၁ ပါး ပျံလွန်တော်မူ
DVB
·
December 26, 2022
KawkaRate
321763953_477941041128255_4571912446206749795_n

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ချောင်းတောင်ရပ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီးက ရွှေကြက်မင်း ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဒီဇင်ဘာ ၂၆ ရက် မနက် ၁၁ နာရီခွဲလောက်က ဒရုန်းဗုံးကျရောက် ပေါက်ကွဲလို့ ဦးပဉ္စင်း ၄ ပါးနဲ့ ကျောင်းသားတယောက် ထိမှန်ခဲ့ရာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ဦးပဉ္စင်းတပါး ပျံလွန်တော်မူသွားပါတယ်။

ကျန်ဒဏ်ရာရှိသူတွေကို ကော့ကရိတ်ဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတယ်လို့ အနီးအနားကလူတွေက ဖုန်းဆက်လာတယ်။ အဲ့ကျောင်းက ဦးပဉ္စင်းလည်း ဖုန်းဆက်လာတယ်။ ကျနော်တို့ အရေးပေါ်လူနာတင်ယာဉ် ၃ စီးနဲ့ သွားကြိုလာတယ်။ ဦးပဉ္စင်း ၄ ပါး။ တပါးတော့ ပျံလွန်တော်မူသွားတယ်။ ကျောင်းသားလေး ၁ ယောက်အပါ အားလုံး ၅ ယောက်ပေါ့။ သွားကြိုလာပြီးတော့ ကော့ကရိတ်ဆေးရုံ ပို့ထားတယ်။”

အဆိုပါဗုံးနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းရဲ့ ဒရုန်းဗုံးဆိုတာကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်ပေမဲ့  စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ အမြောက်တပ်နဲ့ ခလရ ၉၇ တပ်တွင်းကနေ နေ့ရောညပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

အဆိုပါ ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးကတော့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေသလို နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သားပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိမှန်သေဆုံးတာ၊ နေအိမ်တွေပါ ထိမှန်ပျက်စီးတာတွေ ရှိပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနက်က ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးမှာ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်အပါအဝင် ရဲဘော်အများအပြား သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီလောက်က စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်တွင်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ရာ ကော့နွဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံရွာသားတဦး ထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် PDF ဒေါနစစ်ကြောင်းက အရေးပေါ် ဆေးကုသပေးခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ကော့နွဲကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် မြေးအဘိုးနှစ်ယောက် လက်နက်ကြီးထိမှန်ခဲ့ရာ မြေးဖြစ်သူ အသက် ၉ နှစ်အရွယ် ကလေးငယ် ညာဘက်မျက်နှာ လက်နက်ကြီးစ ထိမှန်ခဲ့သလို အသက် ၉၈ နှစ်အရွယ် အဘိုးဖြစ်သူဟာ လက်ဝဲဘက်ရင်ဘတ် ထိမှန်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ကော့ကရိတ်-မြဝတီ(အာရှ)လမ်းကို ဒီနေ့အထိ ပိတ်ထားတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ နယ်စပ်ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ပါတယ်။

Photo- MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024