DVB Logo
Home
မြန်မာသတင်း
ထီးလင်းတွင် CDM ကျောင်းဆရာနေအိမ်ကို စစ်တပ်က မီးရှို့၊ မြိုင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
December 26, 2022
ထီးလင်းတွင် CDM ကျောင်းဆရာနေအိမ်ကို စစ်တပ်က မီးရှို့၊ မြိုင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်း‌တောင်ရွာက CDM ကျောင်းဆရာတွေဖြစ်တဲ့ ဦးသန်းဝင်းဦးနဲ့ ဦးအောင်မြင့်ဟိန်းတို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၅ ရက်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးလင်းနယ် ဒေသခံတဦးက “မနေ့ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ မီးရှို့‌‌သွားတာ။ NUG ရဲ့ လက်အောက်ခံ စာသင်ကျောင်းတွေ ဖွင့်တယ်ဆိုပြီး မီးရှို့တာလို့‌ ပြောကြတယ်။ ဒေသခံတွေကတော့ စစ်‌ကြောင်းမရှိတဲ့ ရွာဘက်တွေကို ပြေးနေကြရတယ်။ အရင်က တခါမှ မီးရှို့ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ် မရှိဘူး” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း အဲဒီ ထလင်းတောင်ရွာက ဒေသခံ ဦးဝင်းမြင့်ရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ထလင်းတောင်ကျေးရွာမှာ နေအိမ် ၃၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးပြီး ၇ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပ.က.ဖ ကနေ သိရပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ဖောင်းကွဲကျေးရွာရဲ့ အရှေ့တောင်ဘက်မှာ မနေ့မနက် ၈ နာရီကျော်လောက်က စစ်ကောင်စီစစ်ကြောင်းကို ပခုက္ကူ-သူရိန်တပ်ခွဲနဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂၂ လုံး ဖြုတ်ချပြီး လိုက်လံတိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိကာ ဒဏ်ရာရတဲ့သူတွေကို တွဲခေါ်နေတာကိုလည်း ဒရုန်းနဲ့ရိုက်ကူးပြီး မှတ်တမ်းရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၃ ရက်က ဖောင်းကွဲရွာနားမှာ PDF ရဲဘော် ၁ ယောက်နဲ့ ဒေသခံ ၄ ယောက်ကို လည်လှီးသတ်ဖြတ်ကာ တောင်ကျေးရွာက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး သက်ကြီးအဘိုးအိုတယောက်ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မြိုင်မြို့နယ် နှောပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၄ ရက် ညပိုင်းက ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ Earthquake People's Defense Force က သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

စစ်ကြောင်းကို ည ၈ နာရီမှာ ချုံခိုတိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီမှာတော့ မန်ကျည်းကံနဲ့ ကုန်းထပ်ကံရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကိုပိန်က “သူတို့ တနေကုန် နှောပင်မှာရှိတယ်။ ညဘက်ထွက်လာတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ပထမက ခြုံခိုတိုက်ခိုက်တာ။ သူတို့ဘက်က တနာရီလောက် ပြန်ပစ်တယ်။ ဒုတိယတခါက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက နှောပင်ကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေနဲ့ ထွန်စက်တစီး၊ ဖောကားတစီးကို သယ်ဆောင်လာပြီး မိုင်းဆွဲတိုက်ခိုက်ခံရချိန်မှာ ဖောကားတစီး ရပ်တန့်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မြိုင်မြို့နယ်ကို ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရ​ပါတယ်။

အဲဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ ထိခိုက်ကျဆုံးမှု အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013