DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင် ဦးဝါသဝက ရွာသားများကိုခြိမ်းခြောက်၊ စစ်ကောင်စီတပ်က ရွာမီးရှို့
DVB
·
December 26, 2022
ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင် ဦးဝါသဝက ရွာသားများကိုခြိမ်းခြောက်၊  စစ်ကောင်စီတပ်က ရွာမီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဦးဝါသဝ က တအိမ်တယောက် မဖြစ်မနေ ပျူစောထီး သင်တန်း တက်ရောက်ကြဖို့ မတက်ရင် အိမ်မီးရှို့ခံရမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကာဘိုးကျေးရွာကို မနေ့မနက် ၁၁ နာရီလောက်မှာ ဦးဝါသဝနဲ့ အဖွဲ့ရောက်ရှိလာပြီး ရွာလုံးကျွတ် အစည်းအဝေးတက်ရောက်စေခိုင်းကာ ပျူစောထီး သင်တန်း ကိုတစ်အိမ်တစ်ယောက်မဖြစ်မနေ တက်ရောက်ရန် ဖိအားပေး အကျပ်ကိုင်ခဲ့တာလို့ဆိုပါတယ်။

ဒေသခံရွာသားတဦးက " ဝါသဝသူ့လူ ပျူစောထီးအဖွဲ့နဲ့ရောက်လာပြီး ရွာမှာ အစည်းအဝေးလာလုပ်တယ်။ တစ်အိမ်တစ်ယောက် ပျူစောထီး သင်တန်းတက်ဖို့  သင်တန်း မတက်တဲ့ အိမ်တွေဟာ PDFကို  ထောက်ခံသူတွေ ဖြစ်တဲ့အတွက် နေအိမ်ကို မီးရှို့မှာဆိုပြီး ခြိမ်းခြောက် သင်တန်းတက်ခိုင်းတယ် "လို့ ပြောပါတယ်။

ဦးဝါသဝ ဦးဆောင်ပြီး ဖွင့်လှစ်မယ့် ကာဘိုးကျေးရွာက ပျူစောထီးသင်တန်းမှာ အမျိုးသမီးတွေကိုပါ သင်တန်းတက်ခိုင်းနေတယ်လို့လည်း သိရပါတယ်။

ဒေသခံ အမျိုးသမီး တစ်ဦးက"တစ်အိမ်မှာ အမျိုးသား တစ်ယောက်သင်တန်းတက်ရမယ်။ အမျိုးသားခရီးထွက်တာ အဝေးရောက်နေတာတွေရှိရင် ပြန်ခေါ်ပြီး သင်တန်းတက်ခိုင်းရမယ်။ အမျိုးသား အကြောင်းအမျိုးမျိုးကြောင့် မရှိဘူးဆိုရင် အမျိုးသမီး တစ်ဦး မဖြစ်မနေ ပျူစောထီး လုပ်ရမယ် မလုပ်ရင် အိမ်မီးရှို့မှာ "လို့ ပြောပါတယ်။

ကန့်ဘလူ ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့  ဦးဝါသဝ သင်တန်းပေးထားတဲ့ ပျူစောထီးအဖွဲ့ဟာ ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် မီးရှို့တာ နေအိမ်တွေထဲက အဖိုးတန် ပစ္စည်းတွေ ယူဆောင်တာ၊ ကလေးသူငယ်တွေနဲ့ ပြည်သူတွေကို ဖမ်းဆီးညဉ်းပန်း သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။

ကန့်ဘလူမြို့နယ်  ဂါးဂလော်ကျေးရွာမှာလည်း ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး  ကျေးရွာနေ ပြည်သူတွေရဲ့ နေအိမ်တွေကို  မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၂၀ လောက်ဟာ ဂါးဂလော်ရွာကို ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့လို့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်  နေကြရပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက "မနက် ၇ နာရီလောက်က  စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၂၀ လောက် ရွာထဲဝင်လာပြီး မီးရှို့တာ။ ညကတည်းက ရွာကို လက်နက်ကြီးနဲ့ ပစ်ပြီး မနက်မှာ မီးရှို့တာ။ ဒါက ကျေးရွာမီးရှို့ခံရတာ ဒုတိယအကြိမ်ပါ။ ဒေသခံတွေကတော့ ပထမအကြိမ် မီးရှို့ ပြီးကတည်းက ဘေးလွတ်ရာ ရှောင်တိမ်းနေကြတာ။ ဘယ်နှစ်အိမ် ကုန်သွားလဲ ဆိုတာတော့ တိတိကျကျ မသိရသေးဘူး "လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း ဂါးဂလော်ကျးရွာကို ပထမအကြိမ် ဝင်ရောက်မီးရှို့ခဲ့ပြီး ဒေသခံ အမျိုးသားသုံးယောက်ကို သတ်ဖြတ်ကာ အမျိုးသမီးနှစ်ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့တာ  အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

အိမ်ခြေ ၁၀၀ ကျော် ရှိတဲ့ ဂါးဂလော်ကျေးရွာကို ပထမအကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးက မီးရှို့ခဲ့လို့ ဘုန်းတော်ကြီးကျောင်း ကျေးလက်ဆေးပေးခန်း အပါအဝင် နေအိမ် ၂၃ လုံး မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။

စစ်ကောင်စီကတော့ ပျူစောထီးအဖွဲ့တွေဟာ သူတို့ကူညီထောက်ပံ့ပေးထားတဲ့ လက်အောက်ခံ အဖွဲ့ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013