DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇတိုင်းသတင်းဌာန အယ်ဒီတာချုပ် ဖမ်းဆီးခံရ
DVB
·
December 25, 2022
ကမ္ဘောဇတိုင်းသတင်းဌာန အယ်ဒီတာချုပ် ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျာကို စစ်ကောင်စီက  ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မနက်မှာ ဖမ်းဆီးလိုက်တယ်လို့  သူနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဦးကျော်ဇေယျာဟာ သူနေထိုင်ရာ တောင်ကြီးမြို့ကနေ တိမ်းရှောင်နေစဉ် ဒီနေ့ မနက် ၃ နာရီလောက်က  ကြို့ပင်ကောက်မြို့ရှိ သူ့ရဲ့မိဘနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“ကမ္ဘောဇတိုင်းက သတင်းသမားတွေ ဖမ်းဆီးခံရတော့ တောင်ကြီးမြို့ကနေ တိမ်းရှောင်သွားတာ ၂၀၂၁ မတ်လ ကတည်းကပဲ။ အခု ကြို့ပင်ကောက်မြို့က သူ့မိဘအိမ်မှာ ဒီကနေ့မနက်ကပဲ အဖမ်းခံလိုက်ရတယ်။ ရဲနဲ့ စစ်တပ်ပေါင်းပြီးလာဖမ်းသွားတာပဲ။ ဖမ်း သွားကတည်းက အခုထိ အဆက်သွယ်မရသေးဘူး” လို့ ဦးကျော်ဇေယျာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိ ရှမ်းပြည်နယ်အတွင်းမှာဖမ်းဆီးခံရတဲ့ သတင်းမီဒီယာသမား ၁၀ ဦးထိရှိလာပြီး အဲ့ဒီထဲမှာ ကမ္ဘောဇတိုင်းသတင်းဌာနက ၅ ဦးပါဝင်ပါတယ်။ သူတို့တွေကို ပုဒ်မ ၅၀၅ (က)နဲ့ စစ်တပ်ကတရားစွဲကာ ထောင်ဒဏ် ၃ နှစ်စီချခဲ့ပြီး အဲ့ဒီထဲက ၅ ဦးကတော့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်အခြေစိုက် သတင်းသမားတစ်ဦးက“ ရှမ်းအရှေ့မိုင်းတုံမြို့နဲ့ ရှမ်းတောင်နမ့်စန်မြို့က ဒီဗွီဘီသတင်းထောက် စီဂျေ နှစ်ဦး ဖမ်းခံရတာ အခုထိ မလွတ်သေးဘူး။ ကမ္ဘောဇတိုင်းသတင်းဌာနကဆိုရင် အခု တယောက်နဲ့ဆို ငါးဦးရှိပြီ ၂၀၂၁ မတ်လပိုင်းက ဖမ်းခံရတဲ့ လေး ဦးကတော့ ပြန်လွန်လာပြီ။ အခု တယောက်ပြန်အဖမ်းခံရတယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှာ အသတ်ခံရတဲ့ သတင်းသမား ၃ ဦး၊ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၁၁၅ ဦးထိ ရှိလာပြီဖြစ်ကာ အဲဒီထဲကတချို့ကိုပြန်လွှတ်ပေးပေမယ့် ၁၄ ဦးကတော့ ထောင်ချခံရပြီး ၅၇ ယောက်ကို ဖမ်းဆီးတရားစွဲထားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့ RSF ကထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီသတင်းဌာနအပါအဝင် မဇ္ဈိမ၊ 7 Day၊ Myanmar Now၊ ခေတ်သစ် စတဲ့သတင်းဌာနစုစုပေါင်း ၁၂ ကိုလည်း စစ်တပ်က ပိတ်သိမ်းခဲ့ပါတယ်။

လက်ရှိ မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာမှာအဆင့် ၁၄၀ ရောက်သွားပြီး ၁၉၉၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ နှစ် ၃၀ အတွင်း ၂၀၂၁ ခုနှစ်ဟာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမှုအများဆုံးနဲ့ သတင်းထောက်တွေ အန္တရာယ်အရှိဆုံးနှစ်အဖြစ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013