DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ် ထပ်မံ ချမှတ်
DVB
·
December 25, 2022
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ် ထပ်မံ ချမှတ်
Donate to DVB

ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရပြီး ထားဝယ်ထောင်မှာ အကျဥ်းချခံနေရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက် မှာ ထောင်ဒဏ် ၁ နှစ် ထပ်ချလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN က သိရပါတယ်။

ဦးမြင့်မောင်ကို ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တာ၊ ဘာသာရေးအကြောင်းပြဟောပြောတာတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ နှောင်းပိုင်းမှာ စစ်ကောင်စီကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)နဲ့ ထပ်တိုးအမှုနှစ်ခု ဖွင့်ထားပြီး အဲဒီထဲက တမှုအတွက် အခုလို ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တာပါ။

ဦးမြင့်မောင်ကို ပုဒ်မ ၁၃၀(က)နဲ့ အမှု နှစ်ခု ဖွင့်ခဲ့ပေမဲ့ တမှုကိုတော့ ပြန်လည် ပိတ်သိမ်းလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ပုဒ်မ ၄၀၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ ထားဝယ်ထောင်တွင်းတရားရုံးကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အပြီးသတ် အမိန့်ချမှတ်ခဲ့ပြီးမှ ပုဒ်မ ၁၃၀(က)နဲ့ အမှု ၂ ခု ထပ်ဖွင့်ခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူနိုင်တဲ့ဆိုတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)ဟာ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဦးမြင့်မောင်ဟာ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ဒေါက်တာလဲ့လဲ့မော် အဂတိမှုတွေကြောင့် တာဝန်မှရပ်စဲခံရပြီးနောက် ၂၀၁၉ မတ်လကစတင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး တနင်္သာရီတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်​အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၃၀(က) နဲ့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရသူတွေထဲမှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လည်း ပါဝင်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၄ ခုဖွင့်ခံရပြီး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကိုတော့ စစ်ကောင်စီကနေ နိုဝင်ဘာ ၁၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013