
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း လုံခြုံရေး ရဲကင်းဟာ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နဘုလယ်ဒေသခံ တဦးက “ရဲကင်းသေနတ်နဲ့ပစ်ခံရတယ်လို့ ကြားတယ်။ အခု ရေနက်ဆိပ်ကမ်း တဝိုက်က ရွာတွေက ရွာသားတချို့တော့ စစ်ကြောင်း ဝင်လာမယ် သတင်းကြားလို့ အကုန်ရှောင်နေကြပြီ။ မနေ့ညကလည်း ပစ်ခတ်သံတချို့ကြားရသေးတယ်“ လို့ ပြောပါတယ်။
အခုပစ်ခတ်မှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင် သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
နိုဝင်ဘာလဆန်းပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းကို အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက် စဉ်ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဘက်တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ရေနက်ဆိပ်ကမ်းတဝိုက်က ကျေးရွာတွေဖြစ်တဲ့ ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်း နဲ့ ရငဲရွာတွေက ရွာသားတွေ စစ်ဘေးရှောင်ခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာလည်း ထားဝယ်ရေနက်ဆိပ်ကမ်းရဲကင်းက ရဲတွေလိုက်ပါလာတဲ့ ကားတစီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားပျက်စီးကာ တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။