
မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညက PDF ရဲဘော် ၁ ယောက်နဲ့ ဒေသခံ ၅ ယောက်ကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၂) က ပြောပါတယ်။
ဖောင်းကွဲကျေးရွာကို မနေ့က မနက် ၈ နာရီလောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်တပ်ဖွဲ့တွေက မနက် ၁၁ နာရီ လောက်မှာ တိုက်ခိုက်ခဲ့ပြီး အင်အားချင်းမမျှလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၂) တပ်ခွဲမှူး ဗိုလ်နဂွင်းက ပြောပါတယ်။
“တိုက်ပွဲမှာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရတဲ့ မဟာမိတ်တပ်ဖွဲ့က ရဲဘော် ၂ ယောက်ကို ပြန်လည် ကယ်ထုတ်နိုင်ခဲ့ပေမယ့် ရဲဘော် တယောက်ကိုတော့ အခွင့်မသာလို့ မကယ်နိုင်ခဲ့ဘူး။”
အဲဒီကနေ တောင်ရွာက နေအိမ် ၃၀ ကျော်လောက်ကို စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး အသက် ၈၀ ကျော် အရွယ် အဘိုးအိုတယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဗိုလ်နဂွင်းက ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ တောင်ရွာကနေ ဖောင်းကွဲရွာဘက်ကို ပြန်လာပြီး ညအိပ်စခန်းချကာ PDF ရဲဘော် ၁ ယောက်၊ စစ်ဘေးရှောင်ပြည်သူ ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက်အား သတ်ဖြတ်ခဲ့ပြီး ရင်ဘတ်တွေမှာလည်း ဓားဒဏ်ရာတွေ တွေ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွာတဲ့ ဒေသခံပြည်သူတွေရဲ့ အလောင်းတွေကိုတော့ ဖောင်းကွဲရွာ ဒေသခံတွေရဲ့ အစီစဥ်နဲ့ သင်္ဂြိုဟ်ခဲ့ပြီး မြိုင် ပ.က.ဖ တပ်ရင်း(၂)က ကျဆုံးရဲဘော် အသက် ၁၉ နှစ်အရွယ် ရွိုင်ယယ်ဒီ(ခေါ်)အောင်ကောင်းကျော်ကိုတော့ ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက် မွန်းတည့် ၁၂ နာရီ ကျော်လောက်မှာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးကာ ၄ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်း စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူ ၇၀၀၀ လောက်ဘေးလွတ်ရာ ထွက်ပြေးနေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။