DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးကူညီရန်ပါဝင်သည့် ၂၀၂၃ NDAA ဥပဒေကို အမေရိကန်သမ္မတ ဘိုင်ဒင်လက်မှတ်ထိုး
DVB
·
December 24, 2022
မြန်မာ့အရေးကူညီရန်ပါဝင်သည့် ၂၀၂၃ NDAA  ဥပဒေကို အမေရိကန်သမ္မတ ဘိုင်ဒင်လက်မှတ်ထိုး
Donate to DVB

မြန်မာနဲ့ ယူကရိန်းကို အကူညီပေးဖို့ပါဝင်တဲ့ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA  2023 ) ကို  အမေရိကန် သမ္မတ ဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီလို့ သမ္မတ အိမ်ဖြူတော်က ကြေညာပါတယ်။

ဒီဥပဒေကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော်က ထောက်ခံမဲ ၃၈၀၊ ကန့်ကွက်မဲ ၅၀ နဲ့တခဲနက် အတည်ပြုခဲ့ပြီး၊ အမေရိကန် အထက်လွှတ်တော်ကလည်း ဒီဇင်ဘာ ၁၅ ရက်မှာ ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၁၁ မဲနဲ့ထပ်မံအတည်ပြုခဲ့ပြီးနောက် သမ္မတက လက်မှတ်ရေးထိုးလိုက်တာပါ။

ဒါကြောင့်မို့  ၂၀၂၃ NDAA ဥပဒေဟာ သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ တရားဝင် ဥပဒေအဖြစ်  အသက်ဝင်လာပြီဖြစ်ပါတယ်။

ဒီဥပဒေမှာ အမေရိကန် ကာကွယ်ရေးဌာန၊ စွမ်းအင်ဌာန၊ နိုင်ငံခြားရေးဌာန၊ အမိမြေလုံခြုံရေးဌာန၊ ရေကြောင်းအုပ်ချုပ်ရေး၊ ကမ်းခြေစောင့်တပ်နဲ့ ထောက်လှမ်းရေးဌာနစတဲ့ ဌာဆိုင်ရာ ဘတ်ဂျက်တွေ သတ်မှတ်ပေးထားတာ ပါဝင်တယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့ မူလတောင်းထားတဲ့ဘတ်ဂျက်ထက် ဒေါ်လာ ၄၅ သန်း ပိုမိုချပေးထားတာတွေ့ရပြီး  စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၁၆ ဒသမ ၇ ဘီလီယံချထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ ကာကွယ်ရေးဌာနရဲ့ စစ်ဘက်နဲ့ အရပ်ဖက်အမှုထမ်းတွေရဲ့ လစာကို  ၄ ဒသမ ၆ ရာခိုင်နှုန်းတိုး ပေးထားသလို စွမ်းအင်ဝန်ကြီးဌာနရဲ့ အမျိုးသားလုံခြုံရေးအစီအစဉ်အတွက် ဒေါ်လာ  ၃၀ ဒသမ ၃ ဘီလီယံ၊ တခြားကာကွယ်ရေး အစီအမံတွေအတွက် ဒေါ်လာ ၃၇၈ သန်းနဲ့ ရေတပ်သင်္ဘောတွေ တည်ဆောက်ဖို့ ဒေါ်လာ ၃၂ ဒသမ ၆ ဘီလီယံ ချပေးထားတာပါဝင်ပါတယ်။

ဒါ့အပြင် ယူကရိန်းအတွက် လုံခြုံရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ ၊ နိုင်ငံတကာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေအတွက် ၁၉၈ ဒသမ ၅ သန်း ၊ ဆိုမာလီ စစ်တပ်တွေကို လေ့ကျင့် ကူညီ လက်နက်တပ်ဆင်ပေးဖို့ ဒေါ်လာ ၁၀ သန်း လည်းပါဝင်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၃ NDAA ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ The Burma Act of 2022 ကို ထည့်သွင်းအတည်ပြုထားပြီး မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေပမာဏအနေနဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် မနှစ်ကလိုပဲ ဒေါ်လာ ၁၃၆ သန်း ထောက်ပံ့ကူညီမယ်လို့သိရပါတယ်။

ဒီဥပဒေထဲမှာ NUG၊ NUCC၊ CRPH၊ CDM တွေအပြင် PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ တခြားအကူအညီတွေ ပေးဖို့လည်း ပါရှိပါတယ်။

၂၀၂၃ NDAA ဥပဒေကိုလွှတ်တော်က အတည်ပြုလိုက်တာဟာ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတ‌မှုရရှိရေးအတွက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ မဟာမိတ်အဖွဲ့ အစည်းတွေအားလုံးအတွက် အမေရိကန်အစိုးရရဲ့ အားပေးထောက်ခံတဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပြီး အခက်အခဲတွေကြား ရုန်းကန်နေကြရတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်နဲ့ အထောက်အပံဖြစ်စေမယ့်အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီဥပဒေအသက်ဝင်လာတဲ့အခါ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ EAO တွေနဲ့ PDF တွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေနဲ့ နည်းပညာအကူအညီတွေ၊ CDM စစ်မှုထမ်းဟောင်းတွေ အတွက်အထောက်အပံ့တွေ၊  အသွင်ကူးပြောင်းမှုကာလ တရားစီရင်ရေးယန္တရားအတွက် အကူအညီတွေရစေမှာဖြစ်သလို စစ်တပ်ကို ဖိအားတွေပိုပေးနိုင်ဖို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

Photo- The White House

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013