Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၆၄၁ ဦး ရှိလာ
DVB
·
December 24, 2022

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၄၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၉၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၁၁၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၇၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၅၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၂၉ နှစ်၊ ထောင်ဒဏ် ၂၈ နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကို ထားဝယ်ခရိုင်တရားရုံးမှ ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ နဲ့ ဒီဇင်ဘာ ၁၆ ရက်က ထောင်ဒဏ် ၇ နှစ်စီ တပ်တိုးချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကတော့ ကိုမြတ်ကျော်သူ၊ ကိုမင်း ဆက်မှူးနဲ့ ကိုအောင်အောင်တို့ ဖြစ်ကြပါတယ်။ ခုလိုထပ်တိုးထောင်ဒဏ် ချမှတ်ခဲ့တာကြောင့် ကိုမြတ်ကျော်သူက ထောင်ဒဏ် ၃၆ နှစ်၊ ကိုမင်းဆက်မှူးက ထောင်ဒဏ် ၃၅ နှစ်နဲ့ ကိုအောင်အောင်က ထောင်ဒဏ် ၁၉ နှစ် အသီးသီး ကျခံကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၂ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကော့နွဲကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လက်ဝှေ့သမားဟောင်း တယောက်ဖြစ်သူ ဦးဖိုးစနေရဲ့ ပေါင်ကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဦးဖိုးစနေဟာ သွေးထွက် လွန်ပြီး အဲဒီနေ့မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024