DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သိန်းခန့်ရှိ၊ အိန္ဒိယဘက် ထွက်ပြေးရသူ ၄ သောင်းကျော်ရှိလာ
DVB
·
December 24, 2022
ချင်းပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သိန်းခန့်ရှိ၊ အိန္ဒိယဘက် ထွက်ပြေးရသူ ၄ သောင်းကျော်ရှိလာ
Donate to DVB

ချင်းပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သိန်းနီးပါးထိ ရှိလာပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်က မြို့နယ် ၉ ခုလုံးမှာတော့ လက်နက်ကိုင်တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေထဲမှာတော့ မင်းတပ်မြို့နယ်မှာ တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော်နဲ့ အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှု ၃၃ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) လှုပ် ရှားနေတဲ့ ပလက်ဝမြို့နယ်မှာတော့ လေကြောင်းတိုက်ခိုက်ခံရမှု ၂၇ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ ၁,၁၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ထန်တလန်မြို့နယ်မှာ အများဆုံးဖြစ်ခဲ့ကာ အရေအတွက်အားဖြင့် နေအိမ်၊ အ ဆောက်အအုံ ၁,၀၁၁ လုံးထက်မနည်း ရှိခဲ့တယ်လို့ ISP Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေဟာ ၁ ဒသမ ၄ သန်းကျော်ထိ ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ အပါအဝင် နိုင်ငံအရှေ့တောင်ပိုင်း တနံတလျားက ထိခိုက်ခံစားရသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက် အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါ တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013