DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်၌ ၄ ရက်အတွင်း အနည်းဆုံး နေအိမ် ၇၀၀ ခန့်ကို စစ်ကောင်စီတပ်မီးရှို့
DVB
·
December 23, 2022
တန့်ဆည်မြို့နယ်၌ ၄ ရက်အတွင်း အနည်းဆုံး နေအိမ် ၇၀၀ ခန့်ကို စစ်ကောင်စီတပ်မီးရှို့
Donate to DVB

တန့်ဆည်မြို့နယ်မှာ အခု ၄ ရက်အတွင်း ကျေးရွာ ၆ ရွာမှာ အနည်းဆုံး လူနေအိမ် ၇၀၀ လောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ဖလံချိုင်ကျေးရွာ၊ ငတန်းကျေးရွာ၊ ရွှေလှန်ကျေးရွာ၊ ကလဇင်ကျေးရွာ၊ ရွာဘုကြီးကျေးရွာနဲ့ ကြို့ထိန်းကျေးရွာတို့က ပြည်သူတွေရဲ့နေအိမ် ၇၀၀ လောက်ကို တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၉ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။

ပျူစောထီးတွေလည်းပါပြီး အင်အား ၂၀၀ ကျော်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၉ ရက်နေ့က တန့်ဆည်မြောက်ဘက်မှာရှိတဲ့ ဖလံချိုင်ကျေးရွာမှာ လူနေအိမ် ၃ လုံးနဲ့စပါး တင်း၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ကစလို့ တန့်ဆည်အရှေ့ပိုင်းက ကျေးရွာတွေကို ဆက်တိုက် မီးရှို့ခဲ့တာပါ။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ငတန်းကျေးရွာမှာ နေအိမ် ၃၅၀ လုံးနဲ့ ကျေးရွာစာသင်ကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ ရွှေလှန်ကျေးရွာက နေအိမ် ၉၁ လုံးနဲ့ကျေးရွာစာသင်ကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလဇင်ရွာသားတယောက်က "ရွာက အိမ်ခြေ ၁၅၀ လောက်ပဲရှိတာ။ ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရတယ်။ အခုတော့ ရွာက မီးလောင်ပြင်ဖြစ်သွားပြီ" လို့ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ မီးရှို့ခံခဲ့ရတဲ့ ကလဇင်ရွာ၊ ရွာဘုကြီးရွာနဲ့ ကြို့ထိန်းရွာတို့က ဆုံးရှုံးပျက်စီးသွားတဲ့စာရင်းကိုတော့ မသိရသေးပါဘူး။

"တပ်မ ၃၃ က စစ် (-) တွေ ရွာတွေဝင်ပြီး မီးရှို့နေတာ။ ရွာခံတွေက စစ် (-) တွေကြောက်တော့ တန်ဖိုးကြီးပစ္စည်းသယ်ပြီး ရှောင်နေရတယ်။ ရွာထဲမနေရဲဘူး။ မိရင် သတ်ပစ်မှာစိုးရတယ်။ ဆောင်းရာသီဆိုတော့ အနွေးထည်၊ စောင်ကစ သယ်နေရတယ်။ ကလေးတွေရောဆိုတော့ အတော်ဒုက္ခရောက်တယ်။ တချို့ဆိုစပါးသိမ်းချိန်မှာ စပါးလည်း မသိမ်းရဘူး။ သိမ်းပြီးတဲ့သူတွေလည်း စပါးတွေရော အိမ်တွေရော မီးပုံရှို့ခံရတယ်။ တန့်ဆည်တနယ်လုံးလို ဒုက္ခရောက်နေတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တန့်ဆည်-ရေဦး အစပ် ကျေးရွာတွေက အမျိုးသား ၂ ယောက်ကို ပစ်သတ်ခဲ့ပြီး အမျိုးသမီးတယောက်ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့​တယ်လို့ဒေသခံတွေကပြောပြီး အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းနေပါတယ်။

အဲဒီ စစ်ကြောင်းဟာ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ရေဦးနယ်စပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကန့်ဘလူမြို့နယ်ဘက်ကိုထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်ဒေသတွင်းအဖွဲ့အစည်းတွေ ပြုစုထားတဲ့ မှတ်တမ်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ တန့်ဆည်မြို့နယ်မှာ ကျေးရွာ ၈၃ ရွာက နေအိမ် ၃၅၀၀ ကျော်ကို စစ်သားတွေက မီးရှို့ဖျက်ဆီးခဲ့​ပြီး အရပ်သားပြည်သူ ၇၆ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013