DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် PTT ထိုင်းကုမ္ပဏီ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားဟုပြော
DVB
·
December 23, 2022
မြန်မာစစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် PTT ထိုင်းကုမ္ပဏီ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားဟုပြော
Donate to DVB

လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတဲ့အကြောင်း မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ အကျိုးတူပေါင်းပြီး လောင်စာဆီဖြန့်ဖြူးရောင်းချရေး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ထိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PTT ရဲ့  အရာရှိတွေက ဒီဇင်ဘာလ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

PTT အများပိုင်ကုမ္ပဏီနဲ့ သူ့ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ PTT Oil and Retail Business Plc ( PTTOR ) လုပ်ငန်းမှာ အဓိကရင်းနှီးမြှုပ်နှံထားတဲ့ နော်ဝေရေနံရန်ပုံငွေကနေ  ရှယ်ယာတွေ ပြန်လည်ထုတ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ  PTT ကုမ္ပဏီက သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားတာလို့  ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။  

လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေကို သူတို့လုပ်ငန်းစုက တန်ဖိုးလေးစားကြောင်း၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးအတွက် သန္နိဋ္ဌာန်ချထားကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ရေရှည်တည်တံ့စေမယ့် ရည်မှန်းချက်တွေချမှတ်ကာ ကာကွယ်နေကြောင်း PTT ရဲ့ အရာရှိတွေက ပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တည်ငြိမ်မှုမရှိသေးသလို နိုင်ငံအမြောက်အမြားက စီးပွားရေး ပိတ်ဆို့မှုတွေ ဝိုင်းဝန်းချမှတ်ထားတဲ့ ဒီအချိန်မှာ အခုလတ်တလော ဆောက်လုပ်နေဆဲဖြစ်တဲ့ ရေနံသိုလှောင်ကန် ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်တန့်ထားဖို့ ရှယ်ယာရှင်တစ်ဦးအနေနဲ့ တောင်းဆိုခဲ့ကြောင်း PTTOR ရဲ့ စီအီးအို ဒီဆာသက်ပန်ယာရာချန်က ပြောပါတယ်။ 

PTT နဲ့ PTTOR ကုမ္ပဏီတွေဟာ အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့နဲ့ စီးပွားရေးပူးပေါင်းလုပ်နေတာကြောင့် ဒီကုမ္ပဏီ နှစ်ခုကို  ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တွေထဲက တခုဖြစ်တဲ့ နော်ဝေ ရေနံရန်ပုံငွေကနေ ဖယ်ထုတ်လိုက်ကြောင်း  ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာခဲ့ပါတယ်။

PTTနဲ့ PTTOR ကုမ္ပဏီတွေဟာ စစ်ပွဲ ဒါမှမဟုတ် ပဋိပက္ခအခြေအနေတွေမှာ ဆိုးရွားတဲ့ ပုဂ္ဂလိကအခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးကူညီနေပြီး သူတို့ကြောင့် ဖြစ်လာတဲ့ အန္တရာယ်တွေကို လက်ခံနိုင်ဖွယ်မရှိတဲ့အတွက် ထုတ်ပယ်ဖို့ အမှုဆောင်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ မှတ်တမ်းအရ နော်ဝေးရေနံရန်ပုံငွေက PTT မှာ ကုမ္ပဏီရဲ့ ၀ ဒသမ ၃၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂ သန်းကို ပိုင်ဆိုင်ထားပြီး၊ PTTOR မှာ ကုမ္ပဏီရဲ့ ၀ ဒသမ ၁၁ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉ သန်း  ပိုင်ဆိုင်ထားတာပါ။

PTT ဟာ သူရဲ့လက်အောက်ခံကုမ္ပဏီ PTTEP ကတဆင့် မြန်မာနိုင်ငံက ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ဆက်စပ်ပိုက်လိုင်းတွေမှာ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပြီး၊ စစ်ကောင်စီကို အဓိက ဝင်ငွေရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ လည်း အကျိုးတူလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

PTT လုပ်ငန်းခွဲ PTTOR ကတော့ ကမ္ဘောဇလုပ်ငန်းခွဲ Brighter Energy နဲ့ မိတ်ဖက်ဆောင်ရွက်တာကတဆင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆီက ငှားရမ်းမြေနေရာပေါ်မှာ ဘီအိုတီ သဘောတူညီချက်နဲ့လုပ်ကိုင်တဲ့ သီလဝါက ဆိပ်ခံတံတားနဲ့ LPG စက်ရုံတွေမှာ  ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။

ဒီပြဿနာဖြစ်ပြီးနောက်မှာ  PTTOR အနေနဲ့  Brighter Energy လုပ်ငန်းစုထဲမှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်သွားမှာ မဟုတ်ကြောင်းနဲ့ စီးပွားရေးပိတ်ဆို့မှု ချမှတ်ခံထားရသူတွေနဲ့ ငွေကြေးဆိုင်ရာဆက်ဆံရေးတွေ မဆောင်ရွက်ဖို့ Brighter Energy ကိုတောင်းဆိုထားကြောင်း မစ္စတာ ဒီဆာသက်က ပြောပါတယ်။ 

“အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ Brighter Energy ကနေတဆင့် ပါဝင်ပတ်သက်မှုမရှိစေရေးအတွက် ကျနော်တို့ရဲ့ မူဝါဒတွေအတိုင်း အတိအကျ လိုက်နာ ဆောင်ရွက်နေပါတယ်” လို့ မစ္စတာ ဒီဆာသက်က ထိုင်းစတော့အိတ်ချိန်းကို မနေ့က ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံသားတို့ရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးနိုင်မယ့် ရေနံလုပ်ငန်းကို ပူးပေါင်းလုပ်ကိုင်ဖို့ ရည်ရွယ်ပြီး Brighter Energy မှာ ၂၀၁၉ ခုနှစ်ကနေ စတင်ကာ PTTOR က ရင်းနှီးမြှုပ်နှံခဲ့တာလို့လည်း ဆိုပါတယ်။ 

PTT အများပိုင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ စီအီးအိုလည်းဖြစ်သူ ဥတာပိုလ်ရတ်ဖိဘွန်းကလည်း PTT အနေနဲ့ တခြားရှယ်ယာရှင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားမှာဖြစ်သလို နိုင်ငံတကာက လက်ခံနိုင်တဲ့ လုပ်ငန်းမျိုးကိုသာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးကို အလေးထားဖို့ဆိုတာ PTT လုပ်ငန်းစုရဲ့ အခြေခံအကျဆုံး မူဝါဒတွေထဲက တခုဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက်လည်း စိုးရိမ်ဝမ်းနည်းမိကြောင်း ကုမ္ပဏီရဲ့ အကြီးအကဲက ပြောတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာရေးသားထားပါတယ်။

MOGE နဲ့ လုပ်ကိုင်တဲ့ PTT ရဲ့ စီးပွားရေးလုပ်ငန်းက တရားမဝင်စစ်အုပ်စုအတွက် အဓိက၀င်ငွေရလမ်းတရပ် ဖြစ်နေပြီး၊ စစ်အုပ်စုရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ငွေကြေးထောက်ပံ့နေတာ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

နော်ဝေးရေနံရန်ပုံငွေကနေ PTT ကို ဖယ်ရှားလိုက်တာဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကတဆင့် PTT ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားတဲ့ ထိုင်းအစိုးရအတွက် မေးခွန်းထုတ်စရာဖြစ်ပြီး PTT က ရရှိတဲ့ အခွန်ဝင်ငွေတွေကြောင့်  စစ်အုပ်စုက ကျူးလွန်နိုင်ခဲ့တဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ  ထိုင်းအစိုးရအနေနဲ့ ပါ၀င်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

PTT နဲ့ လက်အောက်ခံကုမ္ပဏီတွေက ရှယ်ယာရှင်တွေအပါအဝင် State Street ၊ Bank of New York Mellon တို့ဟာ ရေနံရန်ပုံငွေရဲ့ ဦးဆောင်မှုအတိုင်း လိုက်နာလုပ်ဆောင်ဖို့နဲ့ ကုမ္ပဏီတွေက စစ်အုပ်စုကို ဆက်လက်ထောက်ပံ့ပြီး၊ ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ စစ်ပွဲအတွက် ငွေကြေးထောက်ပံ့နေသမျှကာလပတ်လုံး ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

Ref-Bangkok Post/Justice For Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013