Home
မြန်မာသတင်း
မြောင်နှင့် မော်လိုက်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၂ ဦးသေဆုံး၊ ရေဦးစစ်ရှောင် ၆,၀၀၀ ‌ကျော် အကူအညီလိုအပ်နေ
DVB
·
December 23, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားရွာကို စစ်ကောင်စီက ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၁ ဦး သေဆုံးပြီး ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရှိထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

“ကျမတို့ရွာကို စစ်ပွဲလည်း မရှိဘဲနဲ့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ လက်နက်ကြီးတွေနဲ့ ၅ ချက်ပစ်တယ်ဗျ။ နောက်ပြီး ကောင်းကင်ကနေ ဒရုန်း ၂ စီးနဲ့လည်း ဗုံးသီးလာချတယ်။ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရထားတယ်။ အဲဒီဒဏ်ရာရတဲ့အထဲက ၃ နှစ်အရွယ် မိန်းကလေးကတော့ ခေါင်းပွင့်ထွက်ဒဏ်ရာရရှိလို့ ဆေးရုံပို့သွားရင်း သေသွားတယ်ရှင့်။ နောက်ထပ် စိုးရိမ်ရတဲ့ လူနာတွေလည်း ရှိသေးတယ်” လို့ ညောင်ကားယားရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာတာပေါင်ဘက်ကနေ စစ်ကိုင်းတိုင်းဘက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီး  ရွာတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မော်လိုက်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက် မနက်မှာ ဝင်ရောက်စီးနင်းပြီး ရမ်းသန်းပစ်ခတ်ရာ ၇ နှစ်အရွယ် ကလေးငယ်တဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက “မိသားစုလိုက် ရွာနားလေးက တောထဲ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာ။ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်တော့ မောင်ခန့်ဖြို့သူကိုထိပြီး ဆုံးသွားတာ၊ ကလေးက ၇ နှစ်ပဲ ရှိသေးတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးကာ မနက်ပိုင်း အင်အား ၈၀ လောက်နဲ့ ဝင်ရောက်ပြီး ရွာသူရွာသားတွေ ပြေးတဲ့ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရာက ကလေးကို သေနတ်ကျည်ဆန် ၄ ချက်ထိမှန် သေဆုံးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဝဲဒေါင့်ရွာကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၉၀၀ ကျော်ရှိပြီး စစ်ကောင်စီအဖွဲ့က ရွာအတွင်း တပ်စွဲထားလို့ ရွာကိုမပြန်နိုင်သေးဘဲ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ပြည်သူ ၆,၀၀၀ ကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ် တောင်ဘက်နဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၉ ရွာထက် မနည်းကို ဒီဇင်ဘာ ၁၀ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေတဲ့အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကုန်းသာကျေးရွာ ဒေသခံတဦးက “ဒီဇင်ဘာ ၁၀ ရက်နေ့က အင်အား ၁၅၀ လောက် တိုက်ပွဲဖြစ်တာမရှိဘဲ ရေဦး တောင်ခြမ်းကနေ အနောက်ခြမ်းထိ ရှို့တာ။ မီးရှို့ခံရတာ ‌ေတာင်ခြမ်းကတော့ ရွာနည်းတယ်။ အနောက်ခြမ်းက ရွာတွေက များတယ်။ အားလုံးပေါင်း ၁၉ ရွာလောက်က ပြည်သူ ၆,၀၀၀ ကျော်လောက် အရေးပေါ်အကူအညီ လိုအပ်တယ်။ အဓိက ကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ စောင်တွေ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

မော်လိုက်အခြေစိုက်တပ်ရင်း ခမရ ၃၆၄ နဲ့ မှော်ဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ ၇၀၁ တပ်ရင်း ၂ ခုက စစ်ကောင်စီတပ်သားတွေဟာ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လိုက်လံမီးရှို့နေတာပါ။

ရေဦးမြို့နယ်ထဲက ကုန်းသာကျေးရွာ၊ ရှာမိဿာ၊ မုတ်စီ၊ ချမ်းသာ၊ ရွာသစ်၊ ထန်းပင်ကုန်း၊ ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်း၊ ပိဋိကက်ကျ၊ ဇဝရှာ၊ ဝက်ဖိုး၊ ငှက်ပျောတော၊ တောင်ကုန်း၊ ချောင်းဆုံ၊ သရက်ကန်၊ မိုးဒေါင်၊ ကွမ်းအုံနဲ့ ညောင်ပင်သာကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024