DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ကိုင်သူ ၆၀ ခန့် ဖမ်းဆီးရမိ
DVB
·
June 24, 2026
Photo: MOI 
Photo: MOI 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ထဲမှာ ကျားဖြန့် အွန်လိုင်းလိမ်လည်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၅၉ ယောက် ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ 

သက်ဆိုင်ရာနယ်မြေတွေမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု မရှိစေဖို့ လုံခြုံရေးပူးပေါင်းအဖွဲ့ တွေက နယ်မြေရှင်းလင်းရာမှာ ဇွန် ၂၂ ရက် မွန်းလွဲပိုင်းမှာ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ နေအိမ် တလုံးကနေ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၂ ယောက်၊ မြန်မာအမျိုးသား ၄၇ ယောက် ၊ မြန်မာအမျိုးသမီး ၁၀ ယောက် စုစုပေါင်း ၅၉ ယောက်ကို တယ်လီဖုံးမျိုးစုံ အလုံး ၂၀၀ ၊  All In One ကွန်ပျူတာ ၁၀ လုံး၊ လက်ပ်တော့ပ်  ၅ လုံး၊ ဆိုင်ကယ်မျိုးစုံ ၁၀ စီး တို့နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိသူတွေကို လိုအပ်သလို စစ်ဆေးပြီးစီးပါက တည်ဆဲဥပဒေနဲ့အညီ ထိရောက်ပြင်း ထန်စွာ အရေးယူဆောင်ရွက်သွားမယ်၊  သိမ်းဆည်းရမိတဲ့  လုပ်ငန်းသုံးပစ္စည်းတွေကိုလည်း  လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ် ၊ အွန်လိုင်းလိမ်လည်မှု ဒုစရိုက်မှုတွေမှာ ကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ဖို့ အိမ်နီးချင်းနိုင်ငံ ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဇွန် ၂၃ ရက်မှာ ထိုင်းနိုင်ငံနဲ့တကွ အိမ်နီးချင်းနိုင်ငံတချို့ကို ဖြတ်ကျော်ပြီး တရားမဝင် လမ်းကြောင်း ကနေ ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုမှာ အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးထားတဲ့ အိန္ဒိယနိုင်ငံသား ၃ ယောက်ကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်အပ်နှံခဲ့တယ်လို့လည်း ပြန်ကြားရေးသတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

အဆိုပါ အိန္ဒိယကျားဖြန့် ၃ ယောက်ကို ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၂ ကနေတဆင့်လွှဲအပ်ပြီး ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးတာဝန်ရှိသူ နဲ့ ထိုင်းလဝက တာဝန်ရှိသူတွေက လက်ခံခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ကနေ  ၂၀၂၆ ခုနှစ်၊ ဇွန် ၂၃ ရက်ထိ မြဝတီမြို့နယ်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့  ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄, ၇၁၈ ယောက် ဖမ်းဆီးရမိခဲ့ပြီး  အဲဒီထဲက ၁၃, ၅၅၃ ယောက်ကို ထိုင်းနိုင်ငံကနေတဆင့်  သက်ဆိုင်ရာနိုင်ငံတွေဆီ  ဥပဒေလုပ်ထုံးလုပ်နည်းနဲ့  ပြည်နှင် လွှဲပြောင်းပေးခဲ့တယ်လို့  ဆိုပါတယ်။

ဇွန် ၂၃ ရက်တနေ့တည်းမှာပဲ ရွှေကုက္ကိုနယ်မြေနဲ့ KK Park နယ်မြေရှိ အွန်လိုင်း လောင်းကစားလုပ်ခဲ့တဲ့ အဆောက်အအုံတွေကို အပြီးတိုင်ဖြိုချဖျက်ဆီးနေတာမှာ နောက်ထပ် ၇ လွှာရှိ လူနေအဆောင်အအုံတလုံးကို ဖောက်ခွဲဖြိုချခဲ့တယ်။ ဒီကနေ့ထိ တရားမဝင် အဆောက်အအုံ ပေါင်း ၆၃ လုံး ဖြိုချခဲ့ပြီး နောက်ကျန်တဲ့ ၁၄ လုံးကိုလည်း ဆက်လက်ဖျက်ဆီးသွားမယ်လို့  စစ်အာဏာရှင်ပြန်ကြားရေးသတင်းမှာ ဖော်ပြသွားပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနေတယ်လို့ စစ်အာဏာရှင်ဘက်က ပြောနေပေမဲ့  ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံထဲက အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းခွင်တွေထဲမှာ လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးမှုခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) ကထုတ်ပြန် ထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013