DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့ခံ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
December 23, 2022
လောင်းလုံးမြို့ခံ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ​ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီလောက်မှာ နေအိမ်တချို့ကို ဝင်ရောက်စစ်ဆေးပြီး မြို့ခံ ၆ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၄၀ နဲ့ ၆၀ အကြား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြပြီး ဘာလို့ အခုလို ဖမ်းဆီးခံရလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

လောင်းလုံးမြို့ခံတဦးက “ဖမ်းသွားတဲ့အထဲ ထမင်းဆိုင်ပိုင်ရှင်တယောက်လည်း ပါတယ်။ အရင်တုန်းက သပိတ်လုပ်တဲ့သူတွေ သူ့ဆိုင်မှာ ထမင်းသွားဝယ်စားတာတွေ ရှိတယ်။ ဒါကြောင့်ပဲ ဖမ်းတာလားမသိဘူး။ ကျန်တဲ့သူတွေလည်း သာမန်ပြည်သူတွေပဲ။ ရဲစခန်းနားမှာ နေတဲ့သူတွေလည်း ပါတယ်၊ အဖမ်းခံရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဖမ်းခံရသူတွေထဲက အသက် ၄၀ ဝန်းကျင် ဒေါ်မီးထွေးဆိုသူ အမျိုးသမီးကတော့ အမျိုးသားဖြစ်သူကို လာရောက်ဖမ်းဆီးရာ အမျိုးသားက ထွက်ပြေးလွတ်မြောက် သွားတာကြောင့် သူ့ကို ဖမ်းခေါ်သွားတာလို့ သိရပါတယ်။

မြို့ခံလူငယ်တဦးက “လာဖမ်းတာက သူ့ယောကျ်ားကို လာဖမ်းတာ။ အဖမ်းမခံဘဲ ထွက်ပြေးလို့ သေနတ်နဲ့ လိုက်ပစ်သေးတယ်၊ မိတော့မမိဘူး။ ဒါကြောင့် သူ့ယောကျ်ားကို မမိလို့ ဇနီးကိုဖမ်းသွားတာ” လို့ ပြောပါတယ်။

ဖမ်းသွားတဲ့သူတွေကိုတော့ လောင်းလုံးမြို့မရဲစခန်းမှာ ထားပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရကြသေးပါဘူး။

လောင်းလုံးမြို့ကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီလောက်က ထားဝယ်မြို့ဘက်ကနေ မြေသယ်ကားတစီး၊ ဗီဂိုးကား ၂ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်လောက် ရောက်ရှိလာပြီး အခုလိုဖမ်းဆီးတာတွေအပြင် လက်ရှိမှာလည်း လောင်းလုံးမြို့နဲ့ အနီးတဝိုက် တောတောင်တွေထဲမှာ လှုပ်ရှားသွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း CDM ဝန်ထမ်းနဲ့ လောင်းလုံးမြို့ခံတွေ အပါအဝင် ဒေသခံ ၁၄ ဦးလောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်အသီးသီးကနေ ဖမ်းဆီးသွားခဲ့ပြီး ဘာလို့ဖမ်းဆီးတာလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

လောင်းလုံးမြို့နယ်အတွင်း လက်ရှိအချိန်ထိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေပြီး အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုတွေလည်း မကြာခဏ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013