
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲတရပ်ကို ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၂၂ ရက်က ထိုင်းအစိုးရက စီစဉ်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အာဆီယံနိုင်ငံတွေအပြင် တခြားအိမ်နီးချင်းနိုင်ငံတွေကိုပါ ဖိတ်ကြားခဲ့ပေမယ့် အာဆီယံရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံအများစုက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
အဲဒီဆွေးနွေးပွဲဟာ စစ်ကောင်စီဝန်ကြီးတွေ ရှားရှားပါးပါး တက်ခွင့်ရတဲ့ နိုင်ငံရပ်ခြားဆွေးနွေးပွဲ တစ်ခုဖြစ်ခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကနေ ခိုင်မာတဲ့ရလဒ် ဘာတစ်ခုမှ မရရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။
အဲဒီပွဲကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ဝန်ကြီး ၃ ဦး၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က နိုင်ငံခြားရေးဝန်ကြီးတွေ၊ ဗီယက်နမ်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခဲ့ကြပြီး မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အရှေ့တီမောနဲ့ စင်္ကာပူတို့က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
အဲဒီဆွေးနွေးပွဲဖိတ်ကြားမှုကို တုံ့ပြန်ခဲ့တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ စာမှာတော့ မြန်မာစစ်အာဏာရှင်တွေကို အာဆီယံနဲ့ ပါဝင်ဆွေးနွေးခွင့်ပိတ်ပင်ထားတာကြောင့် ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆန်ရတာလို့ ရေးထားတဲ့အကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးသတင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီစာမှာ “တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အာဆီယံရဲ့ ခေါင်းစဉ်အောက်က ဘယ်အစည်းအဝေးမဆိုဟာ (မြန်မာစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးခြင်းမလုပ်ဖို့ တားမြစ်ထားတဲ့) ဆုံးဖြတ်ချက်နဲ့ သွေဖည်ရန်မသင့်ဘူး”လို့ ရေးသားထားတယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေကို ထိပ်သီးအစည်းအဝေးနဲ့ တခြားဆက်စပ်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် မပြုဖို့ မူဝါဒ ချမှတ်ထားတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရကတော့ ဒီဆွေးနွေးပွဲဟာ အာဆီယံနဲ့ သက်ဆိုင်မှုမရှိပေမယ့် အာဆီယံရဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးပြဿနာဖြေရှင်းရေး အဆုံးအဖြတ်ကို အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးတို့ကိုပဲ ဦးတည်ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ရှင်အဖြစ် ကမကထပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကန်ချနာပါထရာချုပ်က ပြောပါတယ်။
အခုဆွေးနွေးပွဲဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံဆွေးနွေးပွဲရဲ့ ပူးတွဲပါ အစီအစဉ်တခု ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီတွေ့ဆုံပွဲဟာ ဝန်ကြီးတွေအတွက် ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးနိုင်တဲ့ အခွင့်အရေးကောင်းရခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်းအထည်ဖော်ရေး မြန်မာရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို သိခွင့်ရခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ဒီအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဝန်ကြီးဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြပြီး အာဆီယံအနေနဲ့ CRPH၊ NUG၊ PDF နဲ့ မဆက်သွယ်ဖို့နဲ့ အားပေးထောက်ခံတာမလုပ်ဖို့ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ ဆွဲချပြီး စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေကြား မြန်မာနိုင်ငံကို ဆွဲနှစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မဆက်ဆံရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတာကို တွေ့မြင်ရကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
Ref-Reuters / Photo-MFAIC