Home
မြန်မာသတင်း
လုံခြုံရေးကောင်စီဆုံးဖြတ်ချက် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရန် မလုံလောက်ဟု ကုလကိုယ်စားလှယ်ပြော
DVB
·
December 23, 2022

စစ်ကောင်စီ စနစ်တကျကျူးလွန်နေတဲ့ လက်မခံနိုင်စရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အားကောင်းမှုမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က ရုရှားနဲ့ တရုတ်ရဲ့ ဗီတိုအာဏာနဲ့ ဆန့်ကျင်မှုတွေကိုရှောင်ရှားကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗြိတိန်ရဲ့ အဆိုပြုချက်မူကြမ်းကို မဲခွဲဆုံးဖြတ်နိုင်ခဲ့တာဟာ အသိအမှတ်ပြုစရာဖြစ်ပေမဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့တော့ မလုံလောက်ဘူးလို့ သောမတ်စ်အန်ဒရူးစ်က ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုမရှိရင် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီရဲ့ လူအမြောက်အမြားကို သတ်ဖြတ်နေမှုကို ပိုပြီးဆိုးရွားလာ စေလိမ့်မယ်လို့ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က သတိပေး ပြောကြားလိုက်ပါတယ်။

လုံခြုံရေးကောင်စီ ပဋိညာဉ်စာတမ်းရဲ့ အခန်း ၇ ပါ လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးမချဘဲ လိုလားချက်တွေကို တောင်းဆိုနေရုံနဲ့တော့ မြန်မာနိုင်ငံထဲမှာ ဓားစာခံဖြစ်နေတဲ့ ပြည်သူ ၅၄ သန်းရဲ့ ဘဝတွေကို တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်က နေ့စဉ်နဲ့အမျှ ချေမှုန်းဖျက်ဆီးနေတာတွေကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ မစ္စတာအန်းဒရူးစ်က ပြောကြားလိုက်ပြီး တကယ်လိုအပ်နေတာက လက်တွေ့ကျကျ အရေးယူမှုဖြစ်တယ်လို့ ထောက်ပြပြောပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အာဏာသိမ်းမြန်မာစစ်တပ်က အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်တာနဲ့ စစ်တပ်ကြောင့် မြန်မာပြည်သူလူထု ကြုံတွေ့ခံစားနေရတဲ့ ဆိုးရွားပြင်းထန်တဲ့ ရိုက်ခတ်မှုတွေအပေါ် အလေးအနက်စိုးရိမ်ကြောင်း ဖော်ပြပါရှိပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်ချမ်းရေး အစီအစဉ်အတိုင်း အချိန်မဆိုင်း ခိုင်ခိုင်မာမာ လိုက်နာဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရေးတို့ကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအကြား ကာလအတော်ကြာအောင် သဘောထားကွဲလွဲနေခဲ့ကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ရာမှာတော့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့က မဲမပေးကြဘဲ ကျန်တဲ့ ၁၂ နိုင်ငံက ထောက်ခံမဲပေးကာ အတည်ပြုဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီက မြန်မာနိုင်ငံသားတွေအပေါ်မှာ နေ့စဉ်နဲ့အမျှ လက်မခံနိုင်စရာ ကြမ်းကြုတ်ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ စနစ်တကျ ကျူးလွန်နေတာကို ရပ်တန့်နိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ခိုင်ခိုင်မာမာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ မစ္စတာအန်ဒရူးစ်က တိုက်တွန်းပြောပါတယ်။ 

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာပါဝင်တဲ့ အကြမ်းဖက်မှုအမျိုးမျိုးကို ချက်ချင်းရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ပေးရေး စတဲ့ တောင်းဆိုချက်တွေကို မြန်မာစစ်တပ်က မလိုက်နာခဲ့ရင် ဘယ်လို အရေးယူမယ်ဆိုတဲ့ နောက်ဆက်တွဲမပါရှိကြောင်း၊ စီးပွားရေးပိတ်ဆို့မှုတွေ မပါဝင်သေးကြောင်း၊ မြန်မာစစ်တပ်က အခုချိန်ထိ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူမယ့်အကြောင်းတွေ မပါဝင်သေးဘူးလို့လည်း ကုလကျွမ်းကျင်သူက ဝေဖန်ထောက်ပြခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ပဋိပက္ခတွေကို ရပ်တန့်စေမယ့် ဆောင်ရွက်ချက်တွေကို လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့မရှိဘူးဆိုတာ သိသာထင်ရှားစေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံသားတွေကို ထောက်ပံ့ကူညီဖို့ နိုင်ငံရေးအပြောင်းအလဲအတွက် ထိထိရောက်ရောက် အကူအညီပေးလိုတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်နေမှုတွေကို ချက်ချင်းရပ်တန့်အောင် မိမိတို့ဘာသာ ပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကိုအကြောင်းပြုပြီး မြန်မာ့အရေးအပေါ် နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်ချက်တွေ လက်မလွှတ်၊ မရပ်တန့်လိုက်ကြဖို့ လိုတယ်လို့  ကုလကိုယ်စားလှယ်က အလေးအနက် ဖိအားပေးပြောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံသားတွေ အလိုအပ်ဆုံးဖြစ်နေတဲ့အရာတွေကို ထောက်ပံ့ကူညီပေးမယ့် နိုင်ငံတွေစု ပေါင်းပြီး မဟာမိတ်အဖွဲ့တစ်ခုအဖြစ် ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ရောက်နေပြီလို့လည်း ဆိုပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြီးခဲ့တဲ့လမှာ ပြောခဲ့တဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက တာဝန်မကျေခဲ့ဘူးဆိုတဲ့ စကားကို မစ္စတာအန်ဒရူးစ်ကလည်း သဘောတူကြောင်းနဲ့ နောက်ဆက်တွဲ အရေးယူဆောင်ရွက်ဖို့ ဘာမှမရှိတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ပြီး အဲဒီတာဝန်မကျေ ပျက်ကွက်မှုကို ဖုံးအုပ်ဖျောက်ဖျက်လို့ မရနိုင်ဘူးလို့  ပြောပါတယ်။ 

လက်တွေ့မှာ လိုအပ်နေတာတွေက ပူးပေါင်းချမှတ်တဲ့ အရေးယူပိတ်ဆို့မှုတွေ၊ စစ်အာဏာရှင်တွေရဲ့ စစ်ဆင်ရေးတွေမှာ အသုံးစရိတ် မရစေရေးအတွက် ဝင်ငွေဖြတ်တောက်တာတွေ၊ နည်းပညာနဲ့ လက်နက်တွေ ဝယ်ယူခွင့်မရအောင် ပိတ်ဆို့ တားဆီးတာတွေ အပါအဝင် ပစ်မှတ်ထား အရေးယူမှုတွေ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo- AFP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024