DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထွက်ပြေး၊ ကျောက်တော်-ပလက်ဝ ရေလမ်း ပြန်ပိတ်မည်
DVB
·
December 23, 2022
ကျောက်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထွက်ပြေး၊ ကျောက်တော်-ပလက်ဝ ရေလမ်း ပြန်ပိတ်မည်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီးရှိ မဟာမုနိဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ  စကခ-၉ တပ်မက တပ်ဖွဲ့ဝင်တယောက် ဒီဇင်ဘာ ၂၀ ရက်က ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီတပ်သားတွေ  ကျောက်တော်မဟာမုနိ စစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ခတ် ဝင်ရောက်စစ်ဆေးရှာဖွေခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ထွက်ပြေးသွားသူကိုရှာဖွေဖို့ စစ်ကောင်စီတပ်က အင်အား ၂၀ လောက်နဲ့   ဒုက္ခသည်စခန်းထဲ  သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ စခန်းအတွင်းရှိ လူနေအိမ်တွေကို ဝင်ရောက်ရှာဖွေသွားတာ လို့ဆိုပါတယ်။

စစ်ဘေးရှောင်တဦးက "မဟာမုနိဘုရားမှာတပ်စွဲထားတဲ့ တပ်သားတစ်ယောက်က မနေချင်တော့လို့ထွက်ပြေးသွားတာလို့သိရတယ်။ အဲဒါ​ကို စစ်ဘေးရှောင်စခန်းနေအိမ်တွေမှာ ဝှက်ထားသလားဆိုတဲ့ သံသယနဲ့ သေနတ်တွေပစ်ပြီး  ဝင်လာပြီး နေအိမ်တချို့ကို ရှာဖွေခဲ့တာ"လို့ ပြောပါတယ်။ 

မဟာမုနိစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၄၃၂ စု လူဦးရေ ၁၆၅၆ ဦးနေထိုင်နေကြတာဖြစ်ပြီး ထွက်ပြေးသွားသူကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သား ၂ ယောက် စစ်ဘေးရှောင်စခန်းအနီးတဝိုက်မှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်သား  ၉  ယောက်ထွက်ပြေးသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (အေအေ) ထံ ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ စစ်သည်အပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ကျော် ရှိပြီး အေအေ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းကို မကြာမီ ပြန်ပိတ်သွားမယ်လို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့တယ်လို့ စစ်တွေ ထွေအုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ဘယ်နေ့ပြန်ပိတ်မယ် ဆိုတာတော့ မပြောဘူးဗျ။ မကြာမီ ပြန်ပိတ်မယ်လို့တော့ ပြောတယ်။ လုံခြုံရေးကြောင့်လို့တော့ သိရတယ်။ ပြန်ဖွင့်ပေးတာလည်း မကြာသေးဘူးလေ။”

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အပစ်အခတ် ရပ်စဲပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က စတင် သွားလာခွင့် ပြုထားခဲ့ပေမဲ့ ဒီနေ့အထိ ပြည်သူပိုင်ရေယာဥ်တွေကို သွားလာခွင့် မရလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ ကျောက်တော်ဒေသခံ မော်တော်ဘုတ်သမားတဦးက ပြောပါတယ်။

“ကျောက်တော်-ပလက်ဝ ရေလမ်းပြန်ဖွင့်တယ်လို့သာ ပြောတယ်။ ဒေသခံ မော်တော်ဘုတ်တွေ တစီးမှ သွားမရသေးဘူး။ စစ်ကောင်စီ စစ်ရေယာဥ်တွေပဲ သွားလာနေကြတာ။ ကျနော်တို့ မော်တော်ဘုတ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ ပလက်ဝက ‌ဒေသခံတွေလည်း အခက်အခဲတွေ့နေကြရတယ်။”

ဒီဇင်ဘာ ၂၂ ရက် မနက် ၉ နာရီခွဲက ကျောက်တော်အခြေစိုက် စကခ-၉ မှ လက်နက်နဲ့ စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားတဲ့ စစ်ကောင်စီ ရေတပ်စစ်သင်္ဘော ၄ စီး ကျောက်တော်ကနေ ပလက်ဝကို တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013