DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ စီမံဘဏ္ဍာ ဒုဝန်ကြီး ပြောဆိုချက် မြေပြင်အခြေအနေနှင့် ထင်ဟပ်မှုမရှိဟု စီးပွားရေး သုတေသီများ ထောက်ပြ
DVB
·
December 22, 2022
စစ်ကောင်စီ စီမံဘဏ္ဍာ ဒုဝန်ကြီး ပြောဆိုချက် မြေပြင်အခြေအနေနှင့် ထင်ဟပ်မှုမရှိဟု စီးပွားရေး သုတေသီများ ထောက်ပြ
Donate to DVB

စစ်ကောင်စီခန့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီးက ၂၀၂၂ ခုနှစ် ပထမ ၆လတာ ကာလအပြီးမှာ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး အခုဘဏ္ဍာနှစ်(၂၀၂၂-၂၃)မှာတော့ ၃ ဒသမ ၇ ရာခိုင်နှုန်းရရှိမယ်လို့ မျှော်မှန်းထားကြောင်း အာဆီယံ + ၃ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး Virtual စနစ်နဲ့ ကျင်းပခဲ့တဲ့ အာဆီယံ + ၃ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးမှာ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကာလအလွန် နိုင်ငံ့စီးပွားရေး ပြန်လည် ကောင်းမွန်လာစေဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၇ ရာခိုင်နှုန်း ရရှိဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ယိုင်နဲ့ခဲ့ရတဲ့အပြင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေကလည်း ပြန်လည်ထွက်ခွာမှုတွေ ရှိလာပါတယ်။

ဒါကြောင့်ပဲ ၂၀၂၂ ခုနှစ် ဇွန် ၇ ရက်နေ့စွဲနဲ့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ (Global Economic Prospects) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာများ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်တဲ့ အရှေ့အာရှ နဲ့ ပစိဖိတ် ဒေသတွင်း နိုင်ငံတွေအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများစာရင်းမှာ မြန်မာနိုင်ငံအား ချန်လှပ်ထားခဲ့ပါတယ်။ အကြောင်းရင်းကတော့ မြင့်မားလွန်းသော မသေချာ မရေရာမှုများကြောင့်လို့ ဆိုပါတယ်။

ဒီ့အတွက်ကြောင့် စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာ ဒုဝန်ကြီးရဲ့ ပြောဆိုချက်ဟာ မြေပြင် အခြေအနေမှန်ကို ထင်ဟပ်မှုမရှိဘူးလို့ လုပ်ငန်းရှင်နဲ့ စီးပွားရေးသုတေသီတွေက ဝေဖန်ထောက်ပြထားပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “သူတို့ကသာ စီးပွားရေးတိုးတက်မှု ရှိတယ်ဆိုပြီး ပြောနေတာဗျ။ ကျနော်တို့လုပ်ငန်းရှင်တွေကတော့ စီးပွားရေးလုပ်ရတာ တဖြည်းဖြည်းနဲ့ ကျုံ့လာနေပြီ။ ဟိုဟာ မသွင်းနဲ့ ဒီဟာ မသွင်းနဲ့ ဆိုပြီး သွင်းကုန်တွေအပေါ်မှာ လိုက်ကန့်သတ်နေတာက အလုပ်မဖြစ်ဘူး။ ကုန်သည်ဆိုတာက ဈေးကွက်ကိုကြည့်ပြီး လုပ်ကိုင်နေကြတာ။ ဒီတော့ တိုးတက်တယ်ဆိုတာက သူတို့ ဘာကြည့်ပြီး ပြောလဲတော့ မသိဘူး။ တခြား မကြည့်ပါနဲ့။ တနေရာနဲ့ တနေရာ ကုန်စည်စီးဆင်းဖို့အတွက်ကိုတောင် အဆင်ပြေ ချောမွေ့မှုရှိအောင် မလုပ်ပေးနိုင်တာဗျာ။ ကျနော်မြင်တာကတော့ သူတို့ လုပ်တတ်တာ သေနတ်ပြပြီး အကြမ်းဖက်တာပဲ လုပ်တတ်တာ”  လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေးသုတေသီတဦးရဲ့ အမြင်ကတော့ “ကျနော်တို့ အမြဲပြောနေတာက စီးပွားရေးနဲ့ နိုင်ငံရေးက အမြဲဒွန်တွဲနေတာလေ။ နိုင်ငံရေး ပုံရိပ်ကောင်းမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်။ ဒီတော့မှ နိုင်ငံတကာကပေးတဲ့ ODA Loan နဲ့ နည်းပညာ အကူအညီတွေ ရမယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေလဲ ကောင်းလာမယ်။ ဒါမှ တိုင်းပြည်ရဲ့ စီးပွားရေးက တိုးတက်လာမှာလေ။ အဲဒီလိုအခြေအနေ မရှိပဲနဲ့ မြန်မာပြည်လို နိုင်ငံမျိုးက ဘယ်လို တိုးတက်အောင်လုပ်နိုင်မှာလဲ။ ဒီတော့ မြန်မာနိုင်ငံအနေနဲ့ အခုအချိန်မှာ အလုပ်သင့်ဆုံးက ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကောင်းလာအောင် နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်နိုင်အောင် ဦးစားပေး လုပ်ဖို့လိုတယ်။ ဆိုတော့ ဒါတွေကို မဖြေရှင်းနိုင်သမျှ မြန်မာပြည်စီးပွားရေးက နာလန် ပြန်ထူဖို့တောင် မလွယ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေးဟာ ပြင်းထန်စွာ ထိုးနှက်ခဲ့ရတဲ့အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ မြန်မာပြည်ရဲ့စီးပွားရေး(GDP)ဟာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ ကိုဗစ်ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ သုည ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမှု ရှိခဲ့ပါတယ်။

အဆိုပါ ကပ်ရောဂါအရှိန်ကြောင့် မြန်မာပြည်ရဲ့စီးပွားရေး(GDP)ဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာတော့ ပြန်လည်နာလန်ထူနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် မြန်မာပြည်ရဲ့စီးပွားရေး(GDP) ဟာ အနုတ်လက္ခဏာအောက်အထိ ကျဆင်းခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013