Home
မြန်မာသတင်း
ရေစကြိုတွင် လေးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်တပ်စစ်ကြောင်းထိုးသဖြင့် မြိုင်ဒေသခံ ၂,၇၀၀ ‌ကျော် တိမ်းရှောင်
DVB
·
December 22, 2022
320693029_703824518048465_8776281053820987623_n
318736514_558220755772542_3399376929495042718_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီဇင်ဘာ ၁၈ ရက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁၀ ယောက်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ မြိုင်ကနေ သိရပါတယ်။

ပခုက္ကူနည်းပညာတက္ကသိုလ်ကနေ ဒီဇင်ဘာ ၁၇ ရက်ကစတင်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်နဲ့ အရှေ့ဘုန်းကံကျေးရွာ၊ ကွမ်းစီကန်၊ ကျောက်ထက်၊ သဲတော၊ ထန်းပင်ချောင်း၊ ရွာသာအေးတို့ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

သဲတောကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ပြည်သူပိုင် ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက် သယ်ဆောင်သွားတယ်လို့ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ မြိုင် တာဝန်ရှိသူက ပြောပါတယ်။

“သဲတောမှာ သုံးရက်ဆက်တိုက် ပစ်တာပါ။ အစကတော့ အဝေးကနေပစ်တယ်။ နောက်တော့ ရွာထဲထိ လက်နက်ငယ်နဲ့ ဝင်ပစ်တာ။ နှစ်ဖက်အထိအခိုက် အကျအဆုံး ရှိပါတယ်။”

သဲတောရွာကနေ စစ်ကြောင်းက ဒီဇင်ဘာ ၂၁ ရက် မနက်မှာ ထွက်လာပြီး ထန်းပင်ချောင်းရွာနဲ့ ရွာသာအေးရွာဘက်ကို ထပ်မံဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင် တာဝန်ရှိသူက ပြောပါတယ်။

“လေးရက်ဆက်တိုက် တိုက်ပွဲမှာ သူတို့ဘက်က ၁၀ ယောက်ဝန်းကျင် ကျပါတယ်။ ကျနော်တို့ဘက်က နှစ်ယောက် လက်နက်ငယ်ထိပြီး ကျတယ်။”

ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီလောက်မှာ စစ်ကြောင်းက ထန်းပင်ချောင်းရွာက နေအိမ် ၃၀ နဲ့ ရွာသာအေးရွာက နှစ်အိမ်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ လေးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် လက်နက်တွေကို ချေးငှားဝယ်ထားကြရပြီး လက်နက်ကြီးအတွက် ယမ်းအစိုနဲ့ ကျည်ဆန်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်ကို ဒီဇင်ဘာ ၂၀ ရက်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ ၂,၇၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ပေပင်တိုက်ရွာမှာ ညအိပ်စခန်းချကာ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပန်းတိုင်းတောကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်က ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကြသလို အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၁ ရက်မှာတော့ ပန်းတိုင်းတောကျေးရွာမှာ ညအိပ်စခန်းချပြီး ဒီနေ့မနက် မင်းဂံကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ဝင်မွှေနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းစထိုးတဲ့ နေ့ကတည်းက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ပေပင်တိုက်ရွာ၊ ပန်းတိုင်းတောရွာ၊ မင်းဂံနဲ့ မြေနုကျေးရွာတွေက ပြည်သူ ၂,၇၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကိုတော့ နီးစပ်ရာကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ချက်ပြုတ်ကျွေးမွေးကြပေမဲ့ ဆောင်းတွင်းကာလဖြစ်တာကြောင့် အနွေးထည်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြစ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024