DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေး စည်းလုံးညီညွတ်စွာကြိုးပမ်းအားထုတ်ရန် ကေအန်ယူ ခေါင်းဆောင် တိုက်တွန်း
DVB
·
December 22, 2022
နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေး စည်းလုံးညီညွတ်စွာကြိုးပမ်းအားထုတ်ရန် ကေအန်ယူ ခေါင်းဆောင် တိုက်တွန်း
Donate to DVB

နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ပြီးပြည့်စုံစေဖို့အတွက် ကရင်အမျိုးသားအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းအပြင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး တခုတည်းသော ကရင်အမျိုးသား အလံအောက်မှာ တခုတည်းသောရည်မှန်းချက်ပန်းတိုင်နဲ့ စည်းစည်းလုံးလုံး ကြိုးပမ်းအားထုတ်ကြဖို့လည်း ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖို့က တိုက်တွန်းလိုက် ပါတယ်။

ကရင်အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ အနာဂတ် အားမာန်တက်ကြွစေဖို့အတွက် အာဏာရှင်ရဲ့ မတော်မတရားမှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတဲ့  ကရင်အမျိုးသား၊ ပြည်သူလူထု တရပ်လုံးအပြင် ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေ၊ စစ်သည်တော်တွေ အားမာန်အပြည့်နဲ့ သတ္တိရှိရှိကြိုးပမ်းအားထုတ်ကြဖို့လည်း တိုက်တွန်းပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်မှာကျရောက်တဲ့ ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ ပေးပို့တဲ့ ကေအန်ယူ ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပြီး ကရင်အမျိုးသားတွေဟာ ဖိနှိအမှုအမျိုးမျိုးမှ ကင်းဝေးပြီး လွတ်လပ်မှုအပြင် ခေတ်နဲ့အညီ လျှော်ညီတဲ့ လူနေမှုအဆင့်အတန်း၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအဘဝကို ပိုင်ဆိုင်နိုင်ဖို့ ခေါင်းဆောင်တွေကအခု နှစ်ပေါင်း ၇၀ ထိတိုင် ကြိုးပမ်းနေကြောင်း ဖော်ပြပါတယ်။

ဒီအမျိုးသားရေး ကြိုးပမ်းမှုမှ အားနည်းချက်တွေများစွာရှိပြီး အကြီးမားဆုံး သောအားနည်း ချက်ဟာ သင်းကွဲမှုနဲ့ စည်းလုံးညီညွတ်မှုအားနည်းခြင်းကြောင့်ဖြစ်တယ်လို့ ထောက်ပြပြော ဆိုထားပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အားမလျှော့ဘဲ အားကောင်းပြီး ပိုမိုကောင်းမွန်တဲ့ စုစည်းမှုနဲ့ အရှိန်အဟုန် မြင်တင်ပြီး ကြိုးစားအားထုတ်ကြဖို့နဲ့ လူမျိုးတိုင်း၊ ပြည်နယ်တိုင်း တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိနိုင်ဖို့ အဲဒီအခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားဖို့မဆုတ်မနစ် ဆက်လက်ကြိုးပမ်းအားထုတ်ကြရမယ်လို့ တိုက်တွန်းထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသဘောတူစာချုပ် အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့ ဦးဆောင်ကော်မီတီ (PPST-LC) ကလည်း ကရင် မျိုးသားတွေဟာ ရှေးပဝေသဏီကတည်းက လူမျိုးတမျိုးရဲ့ အမှတ်အားလက္ခဏာရပ်ဖြစ်တဲ့ ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ လွတ်လပ်အမှီအခုကင်းစွာ နေထိုင်လာခဲ့ပြီး မြန်မာပြည်တွင်းသို့ အစောဆုံး အခြေချနေထိုင်ခဲ့ကြသူဖြစ်ကြောင်းလည်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ကရင်အမျိုးသားထု တရပ်လုံးအနေနဲ့ ဘိုးဘွားမိဘအစည်အဆက် လက်ဆင့်ကမ်းလာ ခဲ့တဲ့ အဲဒီသမိုင်းကြောင်း ဘာသာစကား၊ ယဉ်ကျေးမှုစတဲ့ ကိုယ်ပိုင်အမျိုးသားအမှတ်အသား ဂုဏ်လက္ခဏာကို ဂုဏ်ယူစွာနဲ့ တစိုက်မတ်မတ် ထိန်းသိန်းစောင့်ရှောက်သွားမယ်လို့ ယုံကြည်ကြောင်းနဲ့ ထုတ်ပြန်ထားပါတယ်။

ကရင်နှစ်သစ်ကူးနေ့မှာ အမှောင်ကိုပယ်ခွင်းမယ့် မီးရှုးတန်ဆောင်အဖြစ် ထွန်းညှိရင်း ဘဝတူညီနောင်တိုင်းရင်းသားတွေနဲ့ လက်တွဲကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ လူမျိုးကြီး ဝါဒနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၂၇၆၂ ခုနှစ် ကရင်နှစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြန်မာပြည်တွင်း ကရင်အမျိုးသားရှိရာ နေရာတွေမှာ နှစ်သစ်ကူးပွဲတွေကျင်းပကြသလို ထိုင်းနိုင်ငံမှာလည်း ကရင်အမျိုးသားတွေ ကရင်နှစ်သစ်ကူးနေ့ကို စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013