DVB Logo
Home
မြန်မာသတင်း
ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို NUG ကြိုဆိုထောက်ခံ၊ ပိုမိုခိုင်မာသည့် အရေးယူမှုများလုပ်ဆောင်ရန် တိုက်တွန်း
DVB
·
December 22, 2022
ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို NUG ကြိုဆိုထောက်ခံ၊ ပိုမိုခိုင်မာသည့် အရေးယူမှုများလုပ်ဆောင်ရန် တိုက်တွန်း
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံတဲ့ အကြောင်းနဲ့ ဒီဆုံးဖြတ်ချက်အပေါ်အခြေခံကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဒီထက်ပိုမိုခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ အချိန်မီဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထောက်ခံမဲ ၁၂ မဲ ကြားနေ ၃ မဲနဲ့   ကန့်ကွက်သူမရှိ အတည်ပြုလိုက်တဲ့အပေါ် NUG က သဘောထား ထုတ်ပြန်လိုက်တာပါ။

ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုကြောင်း အထူးသဖြင့် ဒီအဆိုပြုမူကြမ်းပြုစုတဲ့ လုပ်ငန်းစဉ်မှာ ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက်ကို ထောက်ခံပေးတဲ့ ဗြိတိန်နိုင်ငံအပါအဝင် တခြားထောက်ခံတဲ့ နိုင်ငံတွေကိုလည်း  ကျေးဇူးတင်ရှိကြောင်း NUG ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ထပ်မံတိုးမြှင့် ဆောင်ရွက်တဲ့အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ သက်ဆိုင်သူတွေ အားလုံးက ဒီဆုံးဖြတ်ချက်ပါ အချက်တွေကို အချိန်နဲ့ တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါဖို့လည်း NUG ကတိုက်တွန်းပါတယ်။

ဒီဆုံးဖြတ်ချက်မှာ အပြုသဘောဆောင်တဲ့ အချက်အလက်တွေပါဝင်နေပေမဲ့ NUG အစိုးရ  မျှော်မှန်းထားတဲ့ အချက်တွေများစွာ ပါဝင်လာမှု မရှိသေးတာကို တွေ့ရှိရလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့က ဒီဆုံးဖြတ်ချက်အပေါ်အခြေပြုကာ စစ် အာဏာရှင်စနစ်နဲ့ သူ့ရဲ့ ရာဇဝတ်မှုတွေ အပြီးတိုင် အမြန်ချုပ်ငြိမ်းရေးအတွက် ဒီထက်ပို ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ အချိန်မီဆောင်ရွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ တကယ် ပြောရမယ်ဆိုရင် ဒီထက်မက ပိုပြီးတိတိကျကျ လုပ်ဆောင်ဖို့တော့ လိုချင်တယ်။ ဒါပေမဲ့ လောလောဆယ် ဒီလိုမျိုး Resolution ဆုံးဖြတ်နိုင်တာက တိုးတက်မှုရှိတယ်လို့ ကျနော့်အနေနဲ့ ခံယူပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့အခက်အခဲတွေ၊ ဥပမာ Special Envoy ကို စစ်ကောင်စီက လက်မခံဘူး၊ မြန်မာပြည်ဝင်ခွင့်မပေးဘူးသေးဆိုတဲ့ အနေအထားတွေကိုတော့ ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်။ နောက်တခါ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အတိုင်း လိုက်နာဖို့ဆိုတဲ့နေရာမှာ လုပ်စရာတွေ အများကြီး ဖြစ်လာပါတယ်။ အဲဒါတွေကို အပြည်ပြည်ဆိုင်ရာရော၊ ကုလသမဂ္ဂကိုရော ဝိုင်းပြီး အဖြေရှာ ပေးမယ်ဆိုရင် အကျိုးဖြစ်ထွန်းလာမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့လည်း အမြဲတမ်း ပြောပါတယ်။ အာဆီယံတခုတည်းတင်မကဘူး၊ နိုင်ငံတကာကနေ မြန်မာနိုင်ငံအရေးကို ဝိုင်းဝန်းလုပ်ဆောင် ပံ့ပိုးပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။”လို့ ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ  အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း ထိရောက်လျင်မြန်စွာ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် အတွက် ကုလသမဂ္ဂက ထောက်ပံ့ပေးနိုင်မယ့် အခြေအနေနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီထံ နှုတ်ဖြင့် အစီရင်ခံတင်ပြဖို့ ၊ ရိုဟင်ဂျာတွေ နေရပ်ပြန်လည် လာရောက်နိုင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ အမှန်တကယ် လိုအပ်နေသူတွေထံ ရောက်ရှိရေးတို့နဲ့ ပတ်သက်ပြီလည်း ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရာဇဝတ်မှုဥပဒေတွေ ချိုး‌ဖောက်မှုတွေအတွက် တာဝန်ခံမှု ရှိစေဖို့ နိုင်ငံတကာက ကူညီထောက်ပံ့ဖို့လည်း  NUG က ထပ်လောင်းတောင်းဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုအရေးယူဖို့ ဒီဆုံးဖြတ်ချက်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့  စကားလုံးတွေပါစေချင်တယ်တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မိတ်ဆွေနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့ ဒဏ်ခတ်မှုတွေလုပ်ဖို့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်ဖို့နဲ့  ဒီမိုကရေစီရေးနဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတည်ဆောက်ဖို့ ကြိုးပမ်းအားအားထုတ်နေတဲ့ မြန်မာပြည်သူတွေကို  အားပေးထောက်ခံဖို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုက်အဝန်း အားလုံးကို သံအမတ်ကြီးက ပန်ကြားလိုက်ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းပြီး လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းကို စတင်တာဖြစ်ပြီး မြန်မာနိုင်ငံအရေးကိစ္စနဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို မြန်မာကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေထံကနေ တိုက်ရိုက်လက်ခံရယူပြီး လုံခြုံရေးကောင်စီက ဦးစားပေးအဖြစ် ထိရောက်စွာ ပုံမှန်ကိုင်တွယ်ဆောင်ရွက်သွားဖို့၊ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ဖို့နဲ့ ဒေသတွင်းမတည်မငြိမ်ဖြစ်မှုကို ကာကွယ်ထိန်းသိမ်းဖို့ လုံခြုံရေးကောင်စီရဲ့ တိကျခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက် အထူးလိုအပ်တယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တညီတညွတ်တည်း ကန့်ကွက်သူမရှိ  ဆုံးဖြတ်ချက်တရပ်ကို အတည်ပြုချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013