DVB Logo
Home
မြန်မာသတင်း
ကလေးတွင် စစ်‌ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကနီတိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြား
DVB
·
December 22, 2022
ကလေးတွင် စစ်‌ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကနီတိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြား
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒီဇင်ဘာ ၂၁ ရက် မနက်မှာ ကလေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ အဖွဲ့စက်ရွာ စစ်ဆေးရေးဂိတ်မှ မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို ဇင်းကလင်းရွာနဲ့ ထိုမာရွာအကြားမှာ မနက် ၉ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကလေး PDF က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိတယ်လို့ တပ်တွင်းသတင်းပေးသူဆီက သိရပြီး ကလေး PDF  တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲတဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ်းကားပစ်ခတ်ခဲ့ပြီး ထိုမာရွာထဲကို ဝင်ရောက်ကာ ကျေးရွာရှိ အရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသေးတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရမှု အခြေအ‌နေနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုကြောင့် အိမ်ခြေ ၃၀၀၀ ကျော်ရှိတဲ့ ထိုမာကျေးရွာကပြည်သူခံတွေဟာ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်ခဲ့ကြရသေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း ကလေးမြို့နယ် အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို သုံးအိမ်စုကျေးရွာအနီးမှာ ကလေး PDF တပ်ဖွဲ့က မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ခြမ်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း မုဌောအနောက်ရွာအနီးမှာလည်း ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်အတွင်းက စစ်ကောင်စီမော်တော် ၇ စီးကို မြေပြင်ကနေ အင်အား ၂၀၀ နီးပါးနဲ့ လုံခြုံရေးယူပေးနေတာလို့ ဆိုပါတယ်။

ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ကျောက်လုံးကြီးတပ်မဟာ KGl ရဲဘော်တဦးက “ဒီကောင်တွေက ဒီနေ့မနက်ခင်း ၆ နာရီက ချိုင်ကျေးရွာနဲ့ ဒင်ပေါက်ကျေးရွာကြားက ဘုန်းတော်ကြီးကျောင်းကနေ မုဌောကျေးရွာဘက် စစ်ကြောင်းထိုးလာတယ်ဗျ။ ကျနော်တို့ တိုက်ပွဲဖြစ်တာက မုဌောအနောက်ရွာရဲ့ အနောက်ဘက် ကုန်ထုတ်လမ်းမအနီးမှာ တိုက်ပွဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သတ်ကွင်းထဲကို အတိအကျရောက်လာလို့ ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်နိုင်ခဲ့တယ်။ အဲလို ကျနော်တို့ဘက်က အသာစီးအနေအထားရ‌နေတဲ့အချိန်မှာ နေ့လယ် ၁၂ နာရီလောက်ရောက်တော့ မုံရွာ နမခကနေ လေယာဉ်တစီးနဲ့ ကျနော်တို့အဖွဲ့တွေကို လာပစ်တယ်။ အဲလိုပစ်တော့ ကျနော်တို့ တိုက်စစ်မဖွင့်နိုင်ဘဲ အကုန်လုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားရတယ်။ အခုညနေပိုင်းရောက်တော့ တိုက်ပွဲငြိမ်နေတယ်။ သူတို့လည်း မုဌောအနောက်ရွာထဲ တပ်စွဲနေတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဘက်က အကျအဆုံး အတိအကျကို မသိရပေမဲ့ ခန့်မှန်း အယောက် ၃၀ ထက်မနည်း ထိခိုက်ကျဆုံးရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးဘက်က လက်ရှိအချိန်အထိ ၂ ဦး ကျဆုံးထားသလို ၆ ဦး ‌ပျောက်ဆုံးနေပြီး ရဲဘော် ၁၀ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိထားတယ်လို့လည်း ဒီဗွီဘီအနေနဲ့ စုံစမ်းသိရပါတယ်။

အခုတိုက်ပွဲကို ကနီမြို့နယ်အတွင်းက ကျောက်လုံးကြီးတပ်မဟာ အပါအဝင် ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က မဟာမိတ်တပ်ရင်းအဖွဲ့တွေ၊ ဒေသခံ local အဖွဲ့တွေ စုပေါင်း တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ပွဲဖြစ်ပွားနေတာကြောင့် မုဌောအရှေ့ရွာ၊ မုဌောအနောက်ရွာ၊ ငါဖျတ်ကျေးရွာ၊ ပန်းဆိုင်းကျေးရွာ၊ နတ်ကြီးကျေးရွာ စတဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကပြည်သူ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013