Home
မြန်မာသတင်း
မန္တလေး၊ တောင်သာ၊ မုံရွာနှင့် ဖားကန့်တွင် ရွှေဆိုင် ၅ ဆိုင် ဓားပြတိုက်ခံရ
DVB
·
December 22, 2022

မန္တလေးမြို့၊ တောင်သာမြို့၊ မုံရွာမြို့နဲ့ ဖားကန့်မြို့တို့က ရွှေဆိုင်နဲ့ ပန်းထိမ်လုပ်ငန်းတွေ ဒီဇင်ဘာ ၂၀ ရက် တနေ့တည်းမှာ ဓားပြတိုက်ခံခဲ့ရတာကြောင့် စုစုပေါင်း ရွှေ ၂ ပိဿာခွဲကျော် လုယက်ခံခဲ့ရတယ်လို့ အဆိုပါ‌ရွှေဆိုင်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်‌၊ မနက် ‌၇ နာရီ ၁၅ မိနစ်လောက်က မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ည ရပ်ကွက်၊ ၆၃× ၆၄ လမ်းကြားရှိ မောသစ်ရွှေဆိုင်ရဲ့ နေအိမ်ရှေ့မှာ ဆိုင်သွားဖွင့်ဖို့ ကားပေါ် ရွှေထည်ပါတဲ့ ခြင်း ၃ ခြင်း တင်နေချိန်မှာပဲ လူ ၃ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပစ်ဖောက် လုယက်သွားလို့ ရွှေထည်ဆွဲခြင်း ၂ ခြင်း (ရွှေထည်တပိဿာခန့်နဲ့ ကျပ်သိန်း ‌၁၀၀ ကျော်၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂,၇၀၀ ကျော်) ယူဆောင်သွားတယ်လို့ သိရပါတယ်။

မောသစ်ရွှေဆိုင်နဲ့ နီးစပ်သူတဦးက “လက်ရှိ ရဲစခန်းက စစ်ဆေးနေတယ်။ အလုခံရတာ ဒါနဲ့ဆို ၃ ခါရှိနေပြီ။ အခု အိမ်ရှေ့ဖြစ်တာ ပိုများတယ်။ သေနတ်ဖောက်ပြီးတော့ကို လုသွားတာ။ ဆိုင်ဟောင်းမှာလည်း ဇူလိုင်တုန်းက အလုခံခဲ့ရသေးတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်၊ မနက် ၁၀ နာရီလောက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်ရှိ စင်ကြယ်ရွှေဆိုင်က ဝန်ထမ်းတွေကို လုယက်သူ ၃ ဦးက သေနတ်ပြပြီး ဆိုင်မှန်ကောင်တာထဲက ရွှေထည်တွေနဲ့ ငွေသား (ခန့်မှန်းတန်ဖိုး သိန်း ၂၀၀) ကျော်ဖိုး လုယက်ထွက်ပြေးသွားခဲ့ပြီး လုယက်မှုကို ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ စင်ကြယ်ရွှေဆိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့၊ အမှတ် ၄ ရပ်ကွက်၊ အရှေ့ဈေးတောင်ဘက်က ‌ဦးဆင့် ရွှေဆိုင်ကို ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက အမျိုးသား ၄ ဦး၊ ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာပြီး သေနတ်ပြကာ ဆိုင်မှန်ကောင်တာထဲက ရွှေထည် ၁ ပိဿာကျော်ကို ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပြီး ဈေးလမ်းတလျှောက်လုံး ‌စစ်ကောင်စီဘက်က ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မနက်ကတင် ရွှေဆိုင်ဓားပြမှု ၂ မှုလောက် ကြားပြီးပြီ။ အခုလည်း ဒီမှာ ဖြစ်တယ်လို့ ပြောတယ်။ စစ်သားတွေ ဈေးလမ်းမှာ အများကြီးပဲ။ လူအမြဲရှိတဲ့နေရာဆိုပေမဲ့ ညနေ ‌၃ နာရီဝန်းကျင်ဆို နည်းနည်းရှင်းတယ်။ အဲ့အချိန် ဝင်လုပ်သွားတာ။ မြင်းခြံဘက်က ပြည်သူ့စစ်တွေ ရောက်နေချိန်ဆိုတော့ တိုက်ဆိုင်တာပဲ နေမှာပါ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမမှာ ရှိတဲ့ ရွှေမုံရွာ နဝလီရွှေဆိုင်က ဆိုင်ရှင်နဲ့ အမျိုးသမီးဖြစ်သူတို့ အတူ‌ရှိနေတဲ့ နေ့လယ် ၂ နာရီ ၄‌၅ မိနစ်လောက်မှာ အမျိုးသား ၃ ဦးက သေနတ်နဲ့ပစ်ခတ်လို့ ဆိုင်ရှင်ဖြစ်သူ သေနတ်ထိမှန် ဒဏ်ရာရခဲ့ပြီး ရွှေထည်တွေတော့ မပါသွားဘူးလို့ သိရပြီး စစ်ကောင်စီသတင်းပေးလို့ ပစ်ခတ်ခံရတာလို့ ပြောဆိုနေမှုအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီနေ့ ညနေ ၄ နာရီ မိနစ်၂၀ လောက်မှာ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ ၆၆× ၆၇ လမ်းကြား၊ မြို့သစ် ၂ ရပ်ကွက်၊ မြနန္ဒာဈေးက နေလရွှေဆိုင်နဲ့ ပန်းထိမ်လုပ်ငန်းကို အမျိုးသားနှစ်ဦးက သေနတ်ပြ လုယက်ခဲ့ပေမဲ့ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေက ဖန်ခွက်၊ စတီးချိုင့်တွေနဲ့ ပြန်လည်ပစ်‌ပေါက်ခုခံလို့ လုယက်သူတွေ ထွက်ပြေးခဲ့ပြီး ရွှေထည်တွေ ပါသွားခြင်း မရှိဘူးလို့ သိရပါတယ်။

အဆိုပါလုယက်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကနေ တရားခံတွေ မိပြီလို့ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးဘဲ လုယက်သူတွေကို ဖမ်းမိပါကလည်း PDF တပ်ဖွဲ့ဝင်တွေလို့ဆိုကာ စစ်ကောင်စီဘက်က စွပ်စွဲ သတင်းထုတ်ပြန်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024