DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချ 
DVB
·
December 22, 2022
မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချ 
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်လိုက်ပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲပေးပြီး တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ကာ  ကန့်ကွက်သူမရှိ  တညီတညွတ်တည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂ နှစ်နီးပါးအကြာမှာ ဗြိတိန်နိုင်ငံရဲ့ ကမကထပြုမှုနဲ့ ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာဖြစ်ပြီး မြန်မာအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လည်း ဒီဆုံးဖြတ်ချက်မှာ ထပ်မံတိုက်တွန်းထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံ ကုလသမဂ္ဂမှာအဖွဲ့ဝင်ဖြစ်လာတဲ့ ၁၉၄၈ ခုနှစ် ကတည်းက မြန်မာအရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်ခဲ့တာလို့လည်း နိုင်ငံတကာသတင်းတွေမှာ ရေးသားဖော်ပြပါတယ်။  အရင်က မြန်မာရေး ဆုံးဖြတ်ချက်ချမယ်ဆိုတိုင်း တရုတ်နဲ့ ရုရှား တို့က  ကန့်ကွက်လေ့ရှိတာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်အနေနဲ့ မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုအခြေအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်နေတယ်လို့  ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က မဲမပေးခင်မှာ ပြောပါတယ်။

ဘယ်လိုရေးကိစ္စမဆို အထူးသဖြင့် မြန်မာအရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့  ခိုင်မာအားကောင်း ညီညွတ်တဲ့ အသံတခုကို တညီတညွတ်တည်းပြောနိုင်တဲ့ အခွင့်အရေးရတာ အရမ်းကို ကြိုဆိုပါတယ်လို့လည်းပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အရေးပေါ်အခြေအနေ ဆက်လက်ကြေညာထားတဲ့ကိစ္စ အလွန်အမင်းစိုးရိမ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ချက်ချင်းလွှတ်ပေးဖို့၊  ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူတွေ အရေအတွက် အများအပြားထပ်တိုးလာတာပြီး လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုလိုအပ်နေကြောင်းနဲ့ ကြိုးပေးကွပ်မျက်မှုကို ရှုတ်ချကြောင်းလည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့  ရေရှည်တည်တံ့တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တခုရဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တခု လိုအပ်ကြောင်း၊ ရခိုင်အရေးနဲ့ ပတ်သက်ပြီးလည်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေး အခြေအနေ တွေဖန်တီးပေးဖို့လည်း လုံခြုံရေးကောင်စီက တောင်းဆိုထားပါတယ်။

ကာလရှည်ကြာစောင့်စားခဲ့ရတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေမပါဝင်လို့ စိတ်ပျက်မိတဲ့ အကြောင်းနဲ့   စစ်ကောင်စီရဲ့ တိုးမြှင့်လုပ်ဆောင်နေတဲ့ စစ်ပွဲတွေနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ အပြစ်ပေး အရေးယူမခံရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့  ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လို အပ်တယ်လို့  Progressive Voice  အဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ကြေညာချက်ထုတ်ပြန်ပြောပါတယ်။ 

ဘားမားကန်ပိန်းယူကေအဖွဲ့ကလည်း မြန်မာအရေးနဲ့ ပတ်သက်ပြီး အခုလို လုံခြုံရေးကောင်စီက ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချခဲ့တာကို ကြိုဆိုပေမဲ့ လက်တွေ့လုပ်ဆောင်ချက်တခုမှ မပါဝင်တဲ့အတွက် လက်တွေ့ကျတဲ့ ထိရောက်မှုတွေရှိမှာမဟုတ်ဘူးလို့  ထုတ်ပြန်ပါတယ်။  

Photo-UNSC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013