
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ တိုက်ရိုက်ကုန်သွယ်နိုင်မယ့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို မကြာမီ ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။
အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ မြန်မာနိုင်ငံအတွက်သာမက ရခိုင်ပြည်နယ်ကိုပါ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်တယ်လို့ ဝန်ကြီးချပ်က ဆိုပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး ထုတ်ပြန်ချက်မှာလည်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းမှာ ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အကူအညီရရှိမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတွေအတွက် အကျိုးရှိစေမယ့် စီမံကိန်းတခုဖြစ်ကာ အိန္ဒိယနိုင်ငံက ဆောင်ရွက်နေတဲ့ စီမံကိန်းအားလုံးဟာ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံတွေ ကောင်းကျိုးအတွက် အကူအညီပေးမယ့် စီမံကိန်းတွေသာဖြစ်တယ်လို့ ထည့်သွင်းပြောထားပါတယ်။
ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသစ် မကြာမီဖွင့်လှစ်ပြီး စစ်တွေနဲ့ ကာလကတ္တားဆိပ်ကမ်းကို တန်ချိန် ၅,၀၀၀-၆,၀၀၀ သင်္ဘောေတွ စတင်ပြေးဆွဲသွားဖို့ ပြင်ဆင်ထားကြောင်း အိန္ဒိယသံရုံးနဲ့ နီးစပ်သူတဦးက အတည်ပြု ပြောပါတယ်။
“ဘယ်နေ့ဖွင့်မလဲဆိုတာတော့ အတိအကျ ထုတ်ပြန်တာ မရှိသေးဘူး။ စဖွင့်တာနဲ့ စစ်တွေနဲ့ ကာလကတ္တားဆိပ်ကမ်းကို တန်ချိန် ၅,၀၀၀-၆,၀၀၀ သင်္ဘောတွေ စတင်ပြေးဆွဲသွားဖို့ ပြင်ဆင်နေတာတွေရှိတယ်။”
အိန္ဒိယနဲ့ မြန်မာ ကုန်သွယ်မှုကို ၅၃၉ ကီလိုမီတာဝေးကွာတဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ စစ်တွေမြို့ကို တိုက်ရိုက်ကုန်သွယ်မှု ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ကုလားတန်မြစ်ကြောင်းကနေ ပြည်တွင်းရေကြောင်းသင်္ဘောတွေနဲ့သာ ကုန်သွယ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင်ပလက်ဝမှ ၁၀၉ ဒသမ ၁၂ ကီလိုမီတာဝေးတဲ့ အိန္ဒိယနိုင်ငံ ဇူရီဗွေဆိပ်ကမ်းကတဆင့် ကားလမ်းအသုံးပြုပြီး ကုန်သွယ်သွားမှာဖြစ်တယ်လို့ အိန္ဒိယသံရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။
ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းဟာ နှစ်နိုင်ငံလုံးရဲ့ ကုန်းကြောင်းနဲ့ ရေကြောင်း နှစ်ရပ်လုံးနဲ့ ချိတ်ဆက်စီးဆင်းစေနိုင်ဖို့ အိန္ဒိယနိုင်ငံရှိ ကာလကတ္တားမြို့နဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ကို ပင်လယ်ရေကြောင်းနဲ့ ဆက်သွယ်မှာဖြစ်သလို စစ်တွေမြို့မှ ချင်းပြည်နယ်၊ ပလက်ဝကို ချိတ်ဆက်ပြီး အဲဒီကမှတဆင့် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်ကို ကုန်းလမ်းကြောင်းနဲ့ ဆက်သွယ်ထားတာလည်း ဖြစ်ပါတယ်။
“အဓိကဦးစားပေးက စစ်တွေဆိပ်ကမ်းနဲ့ ကာလက္ကတားဆိပ်ကမ်း တိုက်ရိုက်ကုန်သွယ်မှုပေါ့။ နောက် ရန်ကုန်နဲ့ တခြား ပင်လယ်ကူးသင်္ဘောကြီးတွေလည်း ဆိုက်ကပ်နိုင်မှာပေါ့။ စစ်တွေနဲ့ ဘင်္ဂလား နယ်စပ်ကုန်သွယ်မှုကိုလည်း ဒီဆိပ်ကမ်းက ပြုလုပ်နိုင်မယ်။ ကုလားတန်မြစ်ကြောင်းကတော့ ပြည်တွင်းရေကြောင်းသင်္ဘောတွေနဲ့ ပြေးဆွဲမယ်။ ပလက်ဝကနေ ဇူရီဗွေဆိပ်ကမ်းအထိတော့ အိန္ဒိယရေကြောင်းက ပြေးဆွဲမယ်။ ဒါပေမဲ့ ဒီ ကုန်သွယ်မှုလမ်းကြောင်းက ကြာဦးမှာပါ။ ဇူရီဗွေနဲ့ အိန္ဒိယက ပြည်နယ်တွေကို ရောက်ဖို့ ကားလမ်းက ဖောက်လုပ်တုန်းရှိသေးတယ်။”
ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ကို ၂၀၀၈ ခုနှစ်မှာ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ သဘောတူစာချုပ် MOU ထိုးကာ ၂၀၀၉ ခုနှစ်ကစတင်ပြီး စစ်တွေဆိပ်ကမ်းကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။