
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်မရှိသူတွေကို အရေးယူမယ်လို့ ရပ်ကွက်ရုံးတွေက သတိပေးခြိမ်းခြောက်နေတာကြောင့် လဝကရုံးမှာ မှတ်ပုံတင် သွားရောက်ပြုလုပ်သူတွေ စုပုံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီမြို့နယ်အတွင်း ရပ်ကွက်တချို့မှာ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မရှိသူတွေကို အရေးယူမယ့်အကြောင်း အစည်းအဝေးခေါ်ပြောတာတွေ ရှိသလို ရပ်ကွက်ထဲ အသံချဲ့စက်နဲ့အော်ပြီး သတိပေးတာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ်နေ ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက “နေ့လယ်က လဝကရုံးဘက် ရောက်တော့ အမှတ် ၃ လမ်းမဘေးမှာ လူတွေ နည်းတာမဟုတ်ဘူး တန်းစီစောင့်နေကြတာ။ ရပ်ကွက်ထဲမှာလည်း အသံချဲ့စက်နဲ့ အော်တယ်ပြောတယ်” လို့ ပြောပါတယ်။
ရပ်ကွက်တချို့မှာ အုပ်ချုပ်ရေးမှူးအသစ်တွေ အစားထိုးပြီးတဲ့နောက် ပြည်သူတွေကို အာဏာပြတာတွေ ကြုံလာရတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ် ဒေသခံတဦးက “သူတို့ပြောသလို မှတ်ပုံတင်မရှိဘူးဆိုရင် ထောင်ခြောက်လချမယ်၊ ပြုမယ်နဲ့ ပြောနေကြတယ်” လို့ ပြောပါတယ်။
အခုလို သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် အတင်းအကျပ် လုပ်ခိုင်းနေပေမဲ့ လဝကရုံးမှာ အလွယ်တကူလုပ်မရဘဲ သတ်မှတ်ငွေထက် ပိုပေးနေရသလို အထောက်အထား မပြည့်စုံလို့ဆိုပြီး အမျိုးမျိုး ရစ်တာတွေ ရှိနေတယ်လို့လည်း ကိုယ်တိုင်ကြုံခဲ့ရသူတွေက ဆိုပါတယ်။
အဲဒီမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် ၁၄ ဦးကို အစားထိုး ခန့်ထားခဲ့ပြီး အဲဒီခန့်အပ်ခံရသူတွေဟာ ကြံ့ခိုင်ရေးပါတီ အမာခံတွေနဲ့ စစ်မှုထမ်းဟောင်းတွေဖြစ်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အချိန်းအပြောင်းလုပ်တာ၊ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း အတင်းအကျပ် လုပ်ခိုင်းနေတာဟာ စစ်ကောင်စီကပြုလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ဒီဇင်ဘာ ၁၆ ရက် မနေ့ည ၉ နာရီလောက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ လည်း မြို့ခံတွေဆီက သိရပါတယ်။