DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆက်တိုက်နုတ်ထွက်နေ
DVB
·
December 21, 2022
ရခိုင်ပြည်နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆက်တိုက်နုတ်ထွက်နေ
Donate to DVB

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီ နှစ်ဖက်အုပ်ချုပ်ရေးနှစ်ခုကြားမှာ ညပ်နေကြပြီး  တာဝန်ဆက်လက်ထမ်းဆောင်ဖို့ အဆင်မပြေတော့တာကြောင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်နုတ်ထွက်နေတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတဦးက “ကျနော်တို့ အခုလုပ်နေရတဲ့ အလုပ်တွေက နှစ်ဖက် အုပ်ချုပ်ရေးကြားမှာ ညှပ်နေတာပါ။ အေအေဘက်ကခိုင်းရင်လည်း လုပ်ပေးရတယ်။ မလုပ်ပေးရင် အမြင်မကြည်ဘူး။ စစ်ကောင်စီဘက်ကမေးရင်လည်း မသိတာကို မသိဘူးလို့ ဖြေရင်လည်း သံသယဖြစ်တယ်။ မသင်္ကာမှုနဲ့ ဖမ်းဆီးခံရမယ်။ ထောင်ချခံရမယ်။ ဒါကြောင့် မိမိတို့ဘာသာ နုတ်ထွက်ပြီး ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားတော့မယ်လို့ ဆုံးဖြတ်ပြီး အလုပ်ထွက်လိုက်တာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ လက်ရှိအုပ်ချုပ်ရေးမှူးတွေဟာ အရင်ကထပ်ပိုမို ခက်ခဲ ကျပ်တည်းလာတာကြောင့်  သူတို့ရဲ့ သဘောဆန္ဒနဲ့ နုတ်ထွက်ကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်နဲ့ မောင်တောမြို့ အင်ဒင်ကျေးရွာက အုပ်ချုပ်ရေးမှူးတို့ နုတ်ထွက်ခဲ့ကြပြီး ဒီဇင်ဘာ ၁၆ ရက်ကလည်း ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်စု ၁၉ စုရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ် ကူတောင်နယ်မြေရှိ ကူတောင်၊ ကပ်ချောင်း၊ ဖြူချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဦးဂါ၊ ညောင်ပင်လယ်၊ ကံပြင်၊ ပန်ဇင်းမော်၊ ကြက်ရိုးဆပ်၊ ဇီးကိုင်း၊ လက်ပံပင်ရင်း၊ အနောက်ပြင်(မွတ်ဆလင်)၊ မြင်းကန်းချောင်း၊ မင်းဂံ၊ သာစည်ထောင့်၊ ရေပိုက်ဆုံ၊ ကျွန်းကြီးနဲ့ ရွှေလောင်းတင် ကျေးရွာ ၁၉ ရွာက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်စာ တင်ကြတာလည်း ဖြစ်ပါတယ်။

အေအေက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို ၂၀၂၀ ပြည့်နှစ်ကစပြီး  မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ စတင်ခဲ့ပြီးနောက် တချို့မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားကို ပယ်ဖျက်ကာ ULA/AA ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို လုပ်ဆောင်လာနေကြတာပါ။

အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက “အုပ်ချုပ်ရေးမှူးတွေ  နုတ်ထွက်သွားတော့ ကျနော်တို့ ကျေးရွာတွေက လူတွေက ခရီးတွေသွားတဲ့အခါ အတော်လေး အခက်အခဲဖြစ်ရတယ်။ အေအေဘက်ကို သတင်းပေးသွားရင်လည်း စစ်ကောင်စီဘက်က မှတ်ပုံတင်စစ်တာတို့ အုပ်ချုပ်ရေးမှူးလက်မှတ် မပါရင် ခရီးသွားလာခွင့် မပေးတာတို့နဲ့ ကြုံနေရတယ်” လို့  ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ချိန်က ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ မင်းပြား စတဲ့မြို့နယ်တွေက ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံ ၁၃ ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး တချို့လည်း တရားရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013