ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ငကျည်တောက်ကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၀ ရက် မနက်က ဒေသခံနှစ်ယောက် တောဆင်ရိုင်းနင်းခံရတာကြောင့် သေဆုံးသွားတယ်လို့ ငကျည်တောက်ရွာသားတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ အသက် ၄၀ နဲ့ ၃၀ အရွယ် အမျိုးသားတို့ရဲ့ အမည်နဲ့နေရပ် စုံးစမ်းမရတာကြောင့် မွတ်ဆလင်ဘာသာ ထုံးတမ်းစဉ်လာနဲ့အညီ သင်္ဂြိုဟ်လိုက်တယ်လို့ ငကျည်တောက်ကျေးရွာသားတဦးက ပြောပါတယ်။
"ဒီနေ့ မနက်ပိုင်းစောစောက တောဆင်ရိုင်း နင်းပြီးတော့ ကျနော်တို့ရွာရဲ့ တောင်ဘက် ၁ မိုင်လောက်မှာ အမျိုးသား ၂ ဦး သေဆုံးနေတာကို တွေ့တာ။ ကျနော်တို့ ရွာအနီးက ရွာတွေကို အကုန်လုံး အကြောင်းကြားတယ်။ သူတို့ကလည်း သူတို့ရွာကမဟုတ်ဘူးပြောကြတော့ ဒီအနီးအနားက လူတွေ မဟုတ်ကြဘူး။ သူတို့ မိသားစုနဲ့ အဆက်အသွယ်မရတော့ မွတ်ဆလင် ဘာသာထုံတမ်းစဉ့်လာနဲ့အညီ နေလယ်ပိုင်းက သင်္ဂြိုဟ်လိုက်ပြီ။"
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း ဘူးသီးတောင်မြို့နယ် ကျီးနှုတ်သီးကျေးရွာက အမျိုးသားတယောက် တောရိုင်ဆင်နင်းပြီး သေဆုံးခဲ့သလို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကလည်း မောင်တောမြို့နယ် ဝေလာတောင်ကျေးရွာက ကျေးရွာသားတယောက် တောင်ဆင်ရိုင်းနင်းပြီး သေဆုံးခဲ့ကြပါတယ်။
ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်ရှိ မေယုတောင်တန်းမှာ တောဆင်ရိုင်းတွေ ကျက်စားလေ့ရှိပြီး ဒေသခံတွေရဲ့ တောင်ယာနဲ့ လယ်ခင်းတွေ မကြာခဏ ဖျက်ဆီးခံနေရတယ်လို့ သိရပါတယ်။