DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်တွင် မြွေကိုက်ခံရသူ ၁ ဦး ညမထွက်ရအမိန့်ကြောင့် အချိန်မီဆေးမကုနိုင်ဘဲ သေဆုံး
DVB
·
December 21, 2022
ကန့်ဘလူမြို့နယ်တွင် မြွေကိုက်ခံရသူ ၁ ဦး ညမထွက်ရအမိန့်ကြောင့် အချိန်မီဆေးမကုနိုင်ဘဲ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ည ၈ နာရီကျော်ရင် အပြင်မထွက်ရတဲ့ စစ်ကောင်စီရဲ့ တားမြစ်မိန့်ကြောင့်  မြွေကိုက်ခံရသူတယောက် အချိန်မီ ဆေးကုသမှုမပေးနိုင်ဘဲ သေဆုံးခဲ့တယ်လို့ သေဆုံးသူရဲ့မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်အထိ တပတ်အတွင်း မြွေကိုက်ခံရသူ ၃ ဦးရှိပြီး ၁ ဦး သေဆုံးကာ ၂ ဦး စောင့်ကြည့်နေရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ထန်းကုန်းတိုက်နယ်ရှိ အသက် ၆၁ နှစ်အရွယ် အမျိုးသား ၁ ဦး မြွေကိုက်ခံရကာ ညမထွက်ရအမိန့်ကြောင့် လုံလောက်တဲ့ ဆေးကုသမှု ခံယူနိုင်ခြင်းမရှိဘဲ အသက်သေဆုံးခဲ့ရတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတဦးက “အဲဒီဒေသမှာ ကုသပေးတဲ့နေရာ သိပ်မရှိဘူး။ မြေပြင်ကလည်း မြွေဆိပ်ဖြေဆေး အလုံအလောက်မရှိတော့ တလုံးလောက်တော့ ထိုးရတယ်။ စစ်ကောင်စီဘက်က ၈ နာရီကျော်ရင် ညမထွက်ရတဲ့အမိန့် ထုတ်ထားတာကြောင့် ကျနော်တို့ပြည်သူတွေ ဒုက္ခပိုရောက်တယ်။ သေရေးရှင်ရေးဖြစ်နေတာတောင် ဆေးရုံဆေးခန်း ချက်ချင်းမသွားရဲဘူး။ မနက်မိုးလင်းတဲ့အထိ စောင့်ပြီးမှ ဆေးရုံသွားရတယ်။ အဲဒီတော့ ဆေးကုသမှုအချိန်မီမရတော့ အသက်အသေခံရတာပေါ့ဗျာ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ကိုးတောင်ဘို့တိုက်နယ်မှ အသက် ၄၇ နှစ်အရွယ် အမျိုးသား တယောက်နဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ချပ်သင်းတိုက်နယ်က အသက် ၁၈ နှစ်အရွယ် အမျိုးသား တယောက် မြွေဆိုးကိုက်ခံရပါတယ်။

ကိုးတောင်ဘို့တိုက်နယ်မှ မြွေဆိုးကိုက်ခံရသူတွေကို ဘီပီအိုင်ထုတ် မြွေဆိပ်ဖြေဆေး ၄ လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး ၂ လုံး ထိုးထားပေးရကာ စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။

ချပ်သင်းတိုက်နယ်က မြွေဆိုးကိုက်ခံထားရတဲ့သူကိုတော့ မြန်မာနိုင်ငံထုတ် ဘီပီအိုင် မြွေဆိပ်ဖြေဆေး ၄ လုံးအထိ ထိုးပေးထားကာ ဆက်လက်စောင့်ကြည့်နေရတဲ့ အခြေအနေ ရှိတယ်လို့ မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း‌တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013